BBC navigation

မြောက်ကိုရီးယားရဲ့ ချိုးဖေါက်မှု စုံစမ်းဖို့ တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 16:45 GMT

ခေါင်းဆောင်သစ် ကင်ဂျုံအန်း တက်လာပြီး နောက် မျှော်လင့် ချက်တွေ သဲထဲ ရေသွန် ဖြစ်ခဲ့ရ

မြောက်ကိုးရီးယား နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် နိုင်ငံတကာ ကနေ စုံစမ်း စစ်ဆေး မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Ms Navi Pillay က တိုက်တွန်း လိုက်ပါတယ်။

မြောက်ကိုးရီးယားမှာ ဆယ်စု နှစ်တွေ ချီပြီး ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန် တာတွေ ဖြစ်ပေါ် နေကာ လူ့အခွင့် အရေး အခြေအနေ တွေဟာလည်း အလွန် ဆိုးရွား နေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မစ် ပီလေးက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ လကပဲ မြောက်ကိုးရီးယား နိုင်ငံရေး အကျဉ်းစခန်း ထဲက အသက်မသေပဲ လွတ်မြောက်လာသူ ၂ ဦးကို တွေ့ဆုံခဲ့ ပါတယ်။ သူတို့ရဲ့ အတွေ့ အကြုံတွေဟာ အလွန် ထိန့်လန့်ဖွယ် ဖြစ်တယ်လို့ ဆိုပါတယ်။ အကျဉ်း စခန်းထဲမှာ အဓမ္မပြုကျင့်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု နဲ့ သေဒဏ်စီရင်မှုတွေ ရှိနေ တာဟာ လူမဆန်စွာ ကျူးလွန်တဲ့ ပြစ်မှု မြောက်နိုင်တယ်လို့ မစ် ပီလေးက ထောက်ပြပါတယ်။

နိုင်ငံရေး အကျဉ်းစခန်းတွေနဲ့ ပတ်သက်ပြီး အခွင့် အရေး ချိုးဖောက်ခံရသူ အနည်းဆုံး ၂ သိန်း လောက်ထိ ရှိနိုင်တယ်လို့ သူက ယူဆ ပါတယ်။

မြောက်ကိုးရီးယားမှာ ခေါင်းဆောင်သစ် ကင်ဂျုံအန်း တက်လာပြီး နောက် တိုးတက် လာမလား မျှော်လင့် ခဲ့ကြပေမယ့်လည်း သဲထဲ ရေသွန် ဖြစ်ခဲ့ရပြီး၊ တချိန်တည်း မှာပဲ နိုင်ငံတကာ ကလည်း မြောက်ကိုးရီးယားနဲ့ ပတ်သက်ရင် လူ့အခွင့် အရေးထက် သူ့ရဲ့ နျူကလီးယား အစီအစဉ် အပေါ်ပဲ စိတ်ဝင်စား နေကြတယ်လို့ မစ်ပီလေးက ပြောပါတယ်။

မြောက်ကိုးရီးယားဟာ သူ ကိုယ်တိုင် အထီးကျန် ဖြစ်အောင် လုပ်ထားပြီး၊ အစိုးရ ကနေ သူ့ပြည်သူတွေကို အခွင့် အရေး ချိုးဖောက်ခွင့် ရနေတာဟာ ၂၁ ရာစု ခေတ်မှာ လက်ခံ နိုင်စရာ မရှိဘူးလို့ မစ် နာဗီပီလေးက ပြောပါတယ်။

ကုလသမဂ္ဂ ဘက်က အခုလို ဝေဖန် ထောက်ပြနေ ပေမယ့် မြောက်ကိုးရီးယား ဘက်ကတော့ ကုလသမဂ္ဂကို စုံစမ်း စစ်ဆေးဖို့ ခွင့်ပြုနိုင်ချေတော့ မရှိသေးပါဘူး။

ဒါပေမယ့်လည်း အခုလို ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီးရဲ့ ပြောဆိုချက် တွေဟာ မြောက်ကိုးရီးယားရဲ့ လူ့အခွင့် အရေး မှတ်တမ်းတွေကို နိုင်ငံတကာ အလယ်မှာ မီးမောင်း ထိုးပြ လိုက်သလို ဖြစ်တယ် လို့တော့ ပြောနိုင်ကြောင်းပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။