BBC navigation

မာလီသူပုန်တွေကို ပြင်သစ် လေကြောင်းကဆက်တိုက်

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 18:02 GMT

ပြင်သစ် စစ်ကူတွေ တဖြည်းဖြည်း ရောက်လာ နေပြီး၊ မကြာခင် ရက်ပိုင်းမှာ အနောက် အာဖရိက တပ်ဖွဲ့တွေ ရောက်ရှိမယ်

အနောက် အာဖရိက နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ မာလီ နိုင်ငံမှာ ပြင်သစ် တပ်ဖွဲ့ဝင် စစ်ကူတွေ တဖြည်းဖြည်း ရောက်လာ နေချိန်မှာပဲ ပြင်သစ် လေယာဉ်တွေ ပြီးခဲ့တဲ့ တညလုံး စစ်ဆင် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

သီတင်းပတ်တွေ အတွင်းမှာပဲ ဒေသခံ အနောက် အာဖရိက တပ်ဖွဲ့ဝင်တွေ လက်ထဲ စစ်ဆင် တိုက်ခိုက် မှုတွေ ပြန်လွှဲ ပေးနိုင်ဖို့ မျှော်လင့် ထားတယ်လို့ ပြင်သစ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

ပြင်သစ် အစိုးရရဲ့ ပထမ ဦးစားပေး အမိန့် ညွှန်ကြားချက်က တောင်ဘက် ပိုင်းက သူပုန်တွေနဲ့ အစ္စလာမစ် တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက် နေမှုတွေကို တားဆီးဖို့ ဖြစ်ပါတယ်။

လောလောဆယ် အခြေ အနေ အရ ဒီလုပ်ငန်း တာဝန်ကို မာလီ နိုင်ငံရဲ့ အရှေ့ ဘက်ပိုင်းမှာ အကောင် အထည်ဖေါ် ဆောင်ရွက် နိုင်ခဲ့တဲ့ ပုံမျိုး တွေ့ရ ပေမယ့် နိုင်ငံ အနောက် ဘက်ပိုင်း မှာတော့ အစ္စလာမစ် သူပုန်တွေက ဂျာဘာလီ မြို့ငယ်လေးကို သိမ်းပိုက်ထား လိုက်ပါတယ်။

ဒါကြောင့်မို့ ပြင်သစ် လေတပ်က အဲဒီ နေရာကို အဓိက ထားပြီး တနင်္လာ ညက တညလုံး စစ်ဆင် တိုက်ခိုက် မှုတွေ လုပ်နေ ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမစ် သူပုန်တွေဟာ နိုင်ငံအနောက် ပိုင်းက ဂျာဘာလီ မြို့ငယ်လေး ကို သိမ်းပိုက် ထား လိုက်ပါတယ်

အာဖရိက ဒေသမှာရှိတဲ့ ပြင်သစ် စစ်စခန်း တွေနဲ့ ပြင်သစ် နိုင်ငံက တပ်ဖွဲ့ဝင်တွေ မာလီ နိုင်ငံဆီ စစ်လက်နက် ပစ္စည်း ကိရိယာတွေနဲ့ ရောက်ရှိ လာကြပြီ ဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေ အားလုံး တစုတဝေးတည်း စုရုံး တပ်ချတာမျိုး မလုပ်ရ သေးပါဘူး။

အနောက် အာဖရိက ဒေသ နိုင်ငံ တွေက တပ်ဖွဲ့ဝင် ၃ထောင် လောက် ဟာလည်း လာမယ့် သီတင်းပတ် အတွင်းမှာ စစ်မြေပြင်ကို ရောက်လာဖို့ ရှိနေပါတယ်။
ဒါပေမယ့် ပြင်သစ် အစိုးရရဲ့ ကျယ်ပြန့်တဲ့ ရည်မှန်းချက်က ဘယ်လို ရှိသလဲ ဆိုတာ ကိုတော့ အတပ် မပြောနိုင် သေးပါဘူး။

ပြင်သစ် တပ်ဖွဲ့ဝင် တွေကို မာလီ နိုင်ငံဆီ စေလွှတ် ခဲ့တာဟာ သူပုန်တွေနဲ့ အစ္စလာမစ် တပ်ဖွဲ့တွေကို တားဆီးဖို့ သက်သက် ပဲလား၊ ဒါမှမဟုတ် ဘာမာကို မြို့မှာ ရှိတဲ့ မာလီ အစိုးရ အနေနဲ့ နိုင်ငံ မြောက်ပိုင်း အထိ ထိန်းချုပ်မှု တိုးချဲ့ နိုင်ဖို့လား ဆိုတာ တွေးစရာ ရှိနေပါတယ်။

ဒါပေမယ့် ဒီလို အခြေ အနေတွေ ဖြစ်လာအောင် တွန်းပို့ စေခဲ့တဲ့ တကယ့် နိုင်ငံရေး ပြဿနာတွေကို ဘေးဖယ် ထားပြီး ဒီလို လုပ်ဖို့ ဆိုတာ ကတော့ စစ်ရေး အရ ပြောရမယ် ဆိုရင် အတော်လေး ကြီးမားတဲ့ တာဝန် တရပ်လို့ ဆိုရမှာပါ။

ပြင်သစ် အစိုးရ အနေနဲ့ စစ်ဆင် လှုပ်ရှားမှုတွေကို ဒေသခံ အာဖရိက တပ်ဖွဲ့ဝင်တွေ လက်ထဲ မြန်နိုင် သမျှ အမြန်ဆုံး လွှဲအပ်ပေး လိုတယ်လို့ ပြောနေ ပေမယ့် တကယ် တမ်းမှာ အနောက် အာဖရိက နိုင်ငံ တပ်ဖွဲ့ဝင်တွေအ နေနဲ့ ဘယ်လောက် ထိထိ ရောက်ရောက် စွမ်းဆောင် နိုင်စွမ်း ရှိသလဲ ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။

ဘာမာကိုမြို့ မာလီ အစိုးရ အနေနဲ့ နိုင်ငံ မြောက်ပိုင်း အထိ ထိန်းချုပ် နိုင်ပါ့မလား

ဒါ့အပြင် မာလီ အစိုးရ စစ်တပ်ဟာ အတော်လေး အထိနာ နေတဲ့ အတွက် တပ်ကို ပြန်ဖွဲ့စည်းပြီး လက်နက် တပ်ဆင်ဖို့ လိုအပ်နေ ပါတယ်။

ဒါတွေ လုပ်ပေးဖို့ ဥရောပ သမဂ္ဂ နိုင်ငံတွေက လိုလို လားလား ရှိနေပါတယ်။ ဒါပေမယ့် ဒီကိစ္စ ဟာလည်း အချိန်ယူ ဆောင်ရွက် ရမယ့် ကိစ္စ ဖြစ်ပါတယ်။
တခါ အာဖရိက တပ်ဖွဲ့ဝင်တွေ အနေနဲ့ အနာဂတ်မှာ ပြင်သစ် တပ်ဖွဲ့ရဲ့ လေကြောင်း အင်အားနဲ့ စစ်ရေးန ည်းဗျူဟာ အထောက် အကူတွေကို လိုကောင်းလိုမှာ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ ပြင်သစ် တပ်ဖွဲ့ဝင် အတော် များများ အနေနဲ့ မာလီ နိုင်ငံမှာ ခြေကုပ် တပ်စွဲထားရမှာ သေချာနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။