BBC navigation

အသက်ရှင်ဆဲ ဓားစာခံတွေ ကျန်နိုင်

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 17:08 GMT
Alegria_hostates

ပြန်လည်လွတ်မြောက်လာတဲ့ အယ်လ်ဂျီးရီးယားက ဓားစာခံများ

အာဖရိကတိုက်၊ အယ်လ်ဂျီးရီးယားနိုင်ငံ သဘာဝဓာတ်ငွေ့စက်ရုံမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံအရေး ဖြေရှင်းပြီးခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ အခုချိန်ထိ ဓားစာခံ အများအပြား မလွတ်မြောက်ကြသေးဘူးလို့ သိရပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း အင်အာမီးနပ်စ် သဘာဝဓာတ်ငွေ့စက်ရုံမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေက ထိန်းသိမ်းထားတဲ့ ဓားစာခံတွေထဲမှာ အသက်မသေပဲ ကျန်နေသေးတဲ့ သူတွေ ရှိနေသေးတယ်လို့ ယူဆနေကြပါတယ်။

အယ်လ်ဂျီးရီးယားအစိုးရရဲ့ အထူးတပ်ဖွဲ့တွေက ဒီစက်ရုံကို ဝိုင်းရံပြီး မနေ့ကစလို့ စစ်ဆင်နေခဲ့ပါတယ်။ စက်ရုံရဲ့ လူနေရပ်ကွက်တွေတချို့ကို ထိန်းထားနိုင်ပြီလို့ အစိုးရ သတင်းအေဂျင်စီ APS က ဖော်ပြပါတယ်။

မနေ့တုန်းက စစ်ဆင်ရေးမှာ စစ်သွေးကြွတချို့နဲ့ အနည်းဆုံး နိုင်ငံခြားသား လေးဦး သေဆုံးခဲ့ပါတယ်။ အစိုးရပိုင် သတင်းအေဂျင်စီမှာတော့ ယူကေနိုင်ငံသား နှစ်ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

အိမ်နီးချင်း မော်ရီတေးနီးယားနိုင်ငံ ANI သတင်းဌာနကတော့ စစ်သွေးကြွ ပြောခွင့်ရသူကို ကိုးကားပြီး မနေ့တုန်းက ဓားစာခံ ၃၅ ဦးနဲ့ စစ်သွေးကြွ ၁၅ သေဆုံးတယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယား အစိုးရကတော့ အတည်မပြုသေးပါဘူး။

စစ်သွေးကြွတွေဟာ နိုင်ငံခြားသား ၄၁ ဦးကို ထိန်းသိမ်းထားတယ်လို့ ပထမနေ့က ပြောပါ တယ်။ အဲဒီနေ့ကပဲ ယူကေနိုင်ငံသား တဦးနဲ့ အယ်လ်ဂျီးရီးယား တဦးလည်း သေဆုံးခဲ့ပါတယ်။

မနေ့က စစ်ဆင်ရေးမှာ ဒေသခံ အယ်လ်ဂျီးရီးယားနိုင်ငံသား ၆၀၀ လောက် လွတ်လာတယ်လို့ အစိုရပိုင်း သတင်းဌာနက ပြောပါတယ်။

ဗြိတိန်၊ အိုင်ယာလန်၊ အမေရိကန်၊ သြစတြီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေက နိုင်ငံခြားသားတွေ တချို့ လွတ်မြောက်လာပေမယ့် လက်ရှိ ပျောက်ဆုံးနေဆဲ၊ နိုင်ငံခြားသား စာရင်းမှာတော့ သက်ဆိုင်ရာ အစိုးရတွေ အပြောအရ ဗြိတိန်နိုင်ငံသားတွေ အများအပြား ကျန်နေပါသေးတယ်။ ဂျပန်နိုင်ငံသား ၁၄ ဦးနဲ့ နော်ဝေးနိုင်ငံသား ၈ ဦးလည်းလည်း ပျောက်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေကလည်း သူတို့ နိုင်ငံသားတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ဒီစက်ရုံကို အယ်လ်ဂျီးရီးယား အစိုးရနဲ့အတူ ဗြိတိန်က ဘီပီ ကုမ္ပဏီနဲ့ နော်ဝေးက Statoil ကုမ္ပဏီတို့ ပူးတွဲ လည်ပတ်နေတာ ဖြစ်ပါတယ်။

ယူကေအစိုးရနဲ့ နော်ဝေးအစိုးရတို့က ဘီဘီစီကို ပြောရာမှာတော့ အခြေအနေဟာ ဆက်လက် တင်းမာဆဲဖြစ်တယ်၊ စက်ရုံဝန်းကျင် တစိတ်တပိုင်းကို အယ်လ်ဂျီးရီးယားတပ်တွေက ထိန်းထားနိုင်ပြီး ဆိုပေမယ့် အခြေအနေက နာရီအလိုက် ပြောင်းလဲနေတယ်လို့ ပြောပါတယ်။

အယ်လ်ဂျီးရီးယားအစိုးရဘက်ကလည်း ဓားစာခံတွေကို ကယ်တင်နိုင်ဖို့ ဖြစ်နိုင်တဲ့ လမ်းကြောင်းပေါင်းစုံကို လေ့လာနေတယ်လို့ သိရှိထားကြောင်း ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ထုတ်ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။