BBC navigation

အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးလို့ အမေရိကန်ပြော

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 00:17 GMT
algeria_hostages

ပြန်လည် လွတ်မြောက်လာကြတဲ့ ဓားစာခံများ

အယ်လ်ဂျီးရီးယားက သဘာဝ ဓာတ်ငွေ့ စက်ရုံကို စီးနင်းခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွ တွေက အဲဒီ စက်ရုံက အမေရိကန် ဓားစာခံ ၂ ယောက်နဲ့ အမေရိကန်မှာ ဖမ်းဆီးထားတဲ့ နာမည်ကြီး အကြမ်းဖက် သမား ၂ ယောက်ကို လဲလှယ်ဖို့ ကြိုးစား ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ သူတို့ အနေနဲ့ အကြမ်းဖက် သမားတွေနဲ့ စေ့စပ် ညှိုနှိုင်း တာမျိုး မလုပ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး အယ်လ်ဂျီးရီးယား နိုင်ငံကိုလည်း ဓားစာခံ တွေရဲ့ လုံခြုံရေး နဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက် ပေးဖို့ကို အမေရိကန်ဘက်က ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန် အနေနဲ့ ဒီတိုက်ခိုက်မှုမှာ အသက်ဆုံးရှုံး ခဲ့ရသူတွေအတွက် ဝမ်းနည်း ကြေကွဲမိတဲ့ အကြောင်း၊ အသက်ရှင် ကျန်နေသူတွေ အတွက်လည်း အလွန် စိုးရိမ်မိတဲ့ အကြောင်း၊ အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ် ကိုလည်း နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သူဆက်သွယ် မေးမြန်းခဲ့ပြီး အပြစ်မဲ့တဲ့ လူတွေ အသက်အန္တရာယ် မရှိဖို့ အတတ်နိုင်ဆုံး ဂရုစိုက် ကြဖို့ ပြောခဲ့တဲ့ အကြောင်း ပြောကြား သွားပါတယ်။

ဂျပန်နဲ့ နော်ဝေး နိုင်ငံတွေ ဘက်ကလည်း အလားတူ ဂရုစိုက် ကြဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ အဲဒီ စက်ရုံမှာ အန္တရာယ် ကြုံရ နိုင်တယ်လို့ မှန်းထားတဲ့ ဗြိတိသျှ လူမျိုး အရေအတွက်ဟာ အစောပိုင်းက မှန်းထားခဲ့တဲ့ အယောက် ၃၀ ထက် တော်တော် ပိုပြီး နည်းတယ်လို့ ပြောပါတယ်။

တချိန်ထဲမှာပဲ ရေနံ ကုမ္ပဏီ ဘီပီက အယ်လ်ဂျီးရီးယား မှာ ရှိနေတဲ့ အရေးမကြီးတဲ့ လုပ်သားတွေကို အဲဒီ တိုင်းပြည်ထဲက ယာယီ ပြန်လည် ခေါ်ယူ ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။