BBC navigation

အယ်လ်ဂျီးရီးယား ပြန်ပေးဆွဲသမား ၅ ယောက်ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 02:45 GMT
In Amenas

In Amenas ဓါတ်ငွေ့စက်ရုံ

အယ်လ်ဂျီးရီးယား နိုင်ငံ ဘီပီ ကုမ္ပဏီရဲ့ ဓါတ်ငွေ့ စက်ရုံကို ဝင်စီးခဲ့ကြတဲ့ အကြမ်းဖက် သူတွေထဲက ငါးယောက်ကို ဖမ်းဆီးထားလိုက်ပါပြီ။

အစ္စလာမ် ဘာသာ ဝင် အကြမ်းဖက်သူတွေက နိုင်ငံခြားသားတွေနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံသားတွေကို ဓါးစာခံအဖြစ်ဖမ်းဆီးပြီး စက်ရုံကိုလည်း သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။

ပြန်ပေးဆွဲသူ ၃၂ ယောက်စလုံးကို In Amenas စက်ရုံထဲမှာ သတ်ဖြတ်လိုက်ပြီလို့ အယ်လ်ဂျီးရီးယား အစိုးရက ကြေညာပြီး နောက်တရက်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

စနေနေ့တုန်းကတော့ ပြန်ပေးဆွဲသူတွေက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ၄ ရက်ကြာ ကာလအတွင်းမှာ စက်ရုံဝန်ထမ်း ၂၃ ယောက် သေဆုံးခဲ့ရတယ်လို အစိုးရ အာဏာပိုင်တွေဘက်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသား သေဆုံးသူ အရေ အတွက်ကိုလည်း တိတိကျကျ မသိရပြန်ပါဘူး။

စက်ရုံကို စနေနေ့မှာ နောက်ဆုံးအဆင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသား ဓါးစာခံတွေကို အစ္စလာမ် ဘာသာဝင် စစ်သွေးကြွတွေက စတင်သတ်ဖြတ်ကြတဲ့ အချိန်မှာပဲ စစ်တပ်က စတင် ထိုးစစ်ဆင်လိုက်တာလို့ အစိုးရဘက်က တာဝန်ရှိသူတွေက ပြောကြပါတယ်။

အခုလို ဓါးစာခံတွေ သေဆုံးမှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ အမေရိကန် သမ္မတ ဘရက်က် အိုဘားမားတို့က အကြမ်းဖက် သမားတွေကို အပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အယ်လ်ဂျီးရီးယား စွမ်းအင် ဝန်ကြီး ယူဆက်ဖ် ယူ့စ်ဖီ ကတော့ စွမ်းအင် လုပ်ငန်းတွေ တည်ရှိရာနေရာတွေမှာ ပြင်ပ အကူအညီ မပါဘဲ အယ်လ်ဂျီးရီးယား ရဲ့ ကိုယ်ပိုင် တပ်ဖွဲ့တွေနဲ့ လုံခြုံရေး တိုးမြှင့် သွားမယ်လို့ ပြောပါတယ်။ သူ့နိုင်ငံပိုင် ရေနံနဲ့ ဓါတ်ငွေ့စက်ရုံတွေမှာ နိုင်ငံခြား တပ်ဖွဲ့တွေနဲ့ လုံခြုံရေးထားဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စက်ရုံကို နှစ်ရက် အတွင်းမှာ ပြန်လည် လည်ပတ်မယ်လို့လည်း သူက ဆိုပါတယ်။

အကြမ်းဖက် ပြန်ပေးဆွဲသူတွေဟာ နိုင်ငံပေါင်း ခြောက်နိုင်ငံက လူတွေ ဖြစ်ကြတယ်လို့ ဆက်သွယ်ရေး ဝန်ကြီး မိုဟမ်မက် ဆက်ဒ် ကပြောပါတယ်။ အာရပ်နိုင်ငံ အာဖရိက နိုင်ငံနဲ့ အာဖရိက မဟုတ်တဲ့ နိုင်ငံတွေ က ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အရေအ တွက် စုစုပေါင်း ကိုလည်း မကြာမီမှာ ကြေညာ ပေးမယ်လို့လည်း သူကပြောပါတယ်။

ပြန်ပေးသမားတွေရဲ့ ခေါင်းဆောင်လို့ ယူဆရသူ မိုခတာ ဘဲလ်မိုခတာ ဆိုသူက အခုပြန်ပေးဆွဲတဲ့ လုပ်ရပ်ကို သူတို့ ဆောင်ရွက်ခဲ့တာလို့ ဗီဒီယိုနဲ့ ပြောကြားခဲ့ကြောင်း မော်ရီတေးနီယား နိုင်ငံ အခြေစိုက် ဆာဟာရ မီဒီယာက ဆိုပါတယ်။

အဲဒီ ဗီဒီယိုကို ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး တကယ်လို့ အနောက်နိုင်ငံတွေက မာလီနိုင်ငံက အစ္စလာမ် တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်နေတာကို ရုပ်သိမ်းပေးရင် ညှိနှိုင်းဆွေးနွေးမယ်လို့ အဲဒီ ဗီဒီယိုထဲမှာ ဖော်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။