BBC navigation

ဘင်္ဂလားဒေ့ရှ် တရားဟော ဆရာကို သေဒဏ်ချမှတ်

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 15:42 GMT

အဗ္ဒူ ကလမ် အဇက်ဟာ ဟိန္ဒူ လူမျိုး ခြောက်ဦး ကို ပစ်သတ်ပြီး ဟိန္ဒူ အမျိုးသမီး တွေကို မုဒိမ်း ကျင့်ခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နာမည်ကျော် မူဆလင် ဘာသာရေး ဆရာ တယောက်ကို လူသား မဆန်တဲ့ ပြစ်မှုတွေ ကျူးလွန် ခဲ့မှု အတွက် တရားရုံးက သေဒဏ် ချမှတ်လိုက် ပါတယ်။

၁၉၇၁ ကာလ ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်မြောက်ရေး စစ်တွင်း ကာလမှာ အခု နာမည်ကျော် အစ္စလာမ် တရားဟော အစီ အစဉ် တင်ဆက်သူ ဖြစ်နေတဲ့ အဗ္ဒူ ကလမ် အဇက်ဟာ ဟိန္ဒူ လူမျိုး ခြောက်ဦးကို ပစ်သတ်ပြီး ဟိန္ဒူ အမျိုးသမီး တွေကို မုဒိမ်း ကျင့်ခဲ့ တယ်လို့ တရားစွဲ အရာရှိ တွေက ပြောပါတယ်။

ဒီလူဟာ ပါကစ္စတန် နိုင်ငံမှာ အခု ရှိနေမယ်လို့ ယူဆ ရပြီး၊ သူ့မျက်ကွယ်မှာ သေဒဏ် ချမှတ်ခြင်း ခံရတာ လည်း ဖြစ်ပါတယ်။ ဘီဘီစီ ဘင်္ဂလီ ဌာန အယ်ဒီတာ ဆဗား မူစတာဖာ ကတော့ အခုလို ပြစ်ဒဏ် စီရင် နိုင်တာဟာ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ အောင်ပွဲ ပဲလို့ သုံးသပ် ပါတယ်။

ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ နှစ် ၄၀ က ဖြစ်ပျက် ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေကို တရား စီရင်ဖို့ဟာ သူ့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းပဲလို့ ဆိုခဲ့ဖူး ပါတယ်။

ဒီလို သေဒဏ် ချမှတ်လိုက်တဲ့ တရား စီရင်ရေးကို ဝေဖန် သူတွေ ကတော့ အဇက်နဲ့ တခြား လူတွေကို စစ်ရာဇဝတ်မှု တွေနဲ့ တရားစွဲဆို ခဲ့တာဟာ နိုင်ငံရေး နောက်ခံ အကြောင်း တရားတွေ ရှိနေ တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး ဒီတရားခွင် ဟာလည်း ကုလသမဂ္ဂက အသိအမှတ် ပြုထားတာ မဟုတ်ဘူးလို့ သုံးသပ် ကြပါတယ်။

တရားသူကြီးတွေ ကတော့ ဒီဘာသာရေး ဆရာရဲ့ မိသားစု တွေဟာ ရှေ့နေ ငှားနိုင်ဖို့ အတွက် တရားရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ သလို တရားခံ ပြ သက်သေတွေ တင်ဖို့လည်း မလုပ်ဆောင် ခဲ့ကြဖူးလို့ ပြောပါတယ်။ ဒါကြောင့် စီရင် ဆုံးဖြတ်မှုဟာ လိုတာ ထက်ပိုပြီး မြန်မြန် ပြီးမြောက်ခဲ့ တာလည်း ဖြစ်ပါ တယ်။

၁၉၇၁ မှာ အရှေ့ အနောက် ပါကစ္စတန် နှစ်နိုင်ငံ ခွဲထွက်ဖို့ ပြည်တွင်းစစ် ဖြစ်ကြတော့ အိန္ဒိယက အရှေ့ ပါကစ္စတန် ပြည်သူတွေရဲ့ လိုလားချက်နဲ့ ပါကစ္စတန်ကို ဝင်သိမ်းပြီးနောက် အရှေ့ ပါကစ္စတန်ဟာ ၁၉၇၁ ဒီဇင်ဘာ ၁၆ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရယ်လို့ ဖြစ်လာတာပါ။

အဲဒီ ကာလတွေမှာ အဇက်နဲ့ တချို့က စစ် ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့ကြလို့ အခုလို ဆုံးဖြတ်ချက်တွေ ချမှတ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။