BBC navigation

မဲပြန်နိုင်ရင် လူထုဆန္ဒခံယူပွဲ လုပ်ပေးမယ်

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 16:12 GMT
David Cameron

အီးယူအကြောင်းပြု နိုင်ငံရေး ကစားလာတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဥရောပသမဂ္ဂ ထဲကနေ ဗြိတိန် ထွက်မထွက် လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

လာမယ့်သက်တမ်းမှာ သူတို့ ကွန်ဆာဗေးတစ်ပါတီကပဲ ဆက်လက် အာဏာရမယ် ဆိုရင် ၂၀၁၈ ခုနှစ်မှာ အဲဒီလူထုဆန္ဒခံယူပွဲ လုပ်မယ်လို့ သူက ပြောပါတယ်၊ အစိုးရက မဆုံးဖြတ်တော့ဘဲ လူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောတာ ဖြစ်ပါတယ်။

တကယ်တော့ အီးယူ ဥရောပသမဂ္ဂထဲမှာ ဗြိတိန်ရှိနေတာ ၄၅ နှစ် ရှိပါပြီ။ အီးယူရဲ့ ယူရိုငွေကြေးဇုန်မှာ မဝင်ပေမယ့်လည်း အီးယူတခုလုံး တခုတည်းသော စျေးကွက်ဖြစ်ရေးကို လုပ်ဆောင်နေတဲ့ အီးယူထဲမှာ ပါဝင်နေခဲ့တာပါ။

နိုင်ငံတွင်းမှာ အီးယူထဲမှာ ပါဝင်နေလို့ နိုင်ငံအနေနဲ့ နစ်နာရတယ်လို့ ထောက်ပြနေတဲ့ နိုင်ငံရေးပါတီတွေ လည်းရှိလာပါတယ်။ ဥပမာ UKIP လို့ခေါ်တဲ့ လက်ယာ လစ်ဘရယ် ပါတီပါ။ သူတို့က အီးယူထဲက ဗြိတိန်ထွက်ဖို့ လူအများက ထောက်ခံနေကြပြီလို့ ကြွေးကြော်နေပါတယ်။

ဒါပေမဲ့ အီးယူထဲက ထွက်မယ်ဆိုရင် တခြားအီးယူနိုင်ငံတွေက ဒီဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေကို ပြန်ရုတ်သိမ်းသွားနိုင်လို့ အကျိုးနည်းနိုင်တဲ့ အချက်တွေလည်း ရှိပါတယ်။

တကယ်တော့ ဝန်ကြီးချုပ်ဟာ အီးယူကိစ္စကို အကြောင်းပြုပြီး လာမယ့် ၂၀၁၇ ရွေးကောက်ပွဲမှာ မဲဆွယ်မယ့်သူတွေကို တုန့်ပြန် ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်ခြေလှမ်း လိုက်တာလို့လည်း တွက်ဆနိုင်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေး ခြေလှမ်းကို ဘီဘီစီ နိုင်ငံရေး အယ်ဒီတာ နစ် ရော်ဘင်ဆန်ကတော့ အကြီးအကျယ် နိုင်ငံရေး လောင်းကစားပွဲ လုပ်တာလို့ သုံးသပ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။