BBC navigation

အီဂျစ်မှာ ဘောလုံးပွဲ အဓိကရုဏ်းနဲ့ လူ ၂၁ ဦးကို သေဒဏ်ချမှတ်

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 23:40 GMT
egypt_port_said_rally

ပို့တ်ဆာအစ်မြို့က ဆန္ဒပြနေသူများ

အီဂျစ် နိုင်ငံက ပို့တ် ဆာအစ် မြို့မှာတော့ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ ဘောလုံးပွဲ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့ လူ ၂၁ ဦးကို တရားရုံးက သေဒဏ် ချမှတ် ခဲ့တာကို မကျေနပ်လို့ အဓိကရုဏ်းတွေ ဖြစ်ပွားနေ ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် ရဲ အရာရှိ ၂ ဦး နဲ့ ဘောလုံး သမား ၂ ဦး အပါအဝင် လူပေါင်း ၃၀ထက်မနည်း သေဆုံး ခဲ့ရသလို လူပေါင်း ၃၀၀ ကျော် လောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်း ဆေးရုံတွေနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီ ဆူပူ အုံကြွ နေသူတွေဟာ ရဲစခန်း ထဲကို စီးနင်း ဝင်ရောက် ခဲ့ကြတယ်လို့လည်း အီဂျစ် နိုင်ငံပိုင် ရုပ်မြင်မှာ ကြေညာသွားပါတယ်။ အခုတော့ အဲဒီမြို့မှာ စစ်တပ်ကို ချထားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ပို့တ် ဆာအစ် ကလပ် နဲ့ ကိုင်ရိုမြို့က အသင်းတသင်း တို့ရဲ့ ဘောလုံး ပွဲမှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် လူပေါင်း ၇၄ ဦး သေဆုံး ခဲ့ရပါတယ်။ အဲဒီ တုန်းက ရဲတပ်ဖွဲ့က အဓိကရုဏ်းကို ဟန့်တားဖို့ အားမထုတ်ခဲ့ဘူး ဆိုပြီး ရဲတပ်ဖွဲ့ကို ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။

တခါ ဆူးအက်စ် မြို့မှာ သောကြာနေ့က အီဂျစ် နိုင်ငံ အတွင်းမှာ လူထု အုံကြွ မှုကြောင့် သမ္မတ မူဘာရက် ပြုတ်ကျခဲ့တာ ၂ နှစ်ပြည့်တဲ့ နှစ်ပတ်လည် အခမ်းအနားမှာ သေဆုံးခဲ့ရတဲ့ သူတွေရဲ့ အသုဘမှာလည်း လူထောင်ပေါင်းများစွာ တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီကနေတဆင့် လုံခြုံရေး အဆောက်အအုံကို မီးတင်ရှို့လိုက်ကြတယ် လို့လည်း သတင်း တွေရရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ အတွင်းမှာ လူ ၁၀ ဦးထက်မနည်း သေဆုံး ခဲ့ရပါတယ်။ ကိုင်ရို မြို့တော်မှာလည်း အီဂျစ် ပြည်ထဲရေး ဝန်ကြီး ရုံး အနီးမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

အီဂျစ်သမ္မတ မော်ဆီ ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေး ကောင်စီက အခုဖြစ်နေတဲ့ တိုက်ခိုက်မှု တွေကို ပြစ်တင် ပြောကြား လိုက်ပြီး နိုင်ငံရေး အမြင် မတူညီမှုတွေအတွက် တမျိုးသားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆွေးနွေးကြဖို့ကို တိုက်တွန်း လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။