BBC navigation

မာလီက အစ္စလာမ်စစ်သွေးကြွတွေကို ပြင်သစ်တိုက်

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 15:34 GMT
Mali Fighting

ပြင်သစ်တပ်တွေက ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ လေယာဉ်ကွင်း

ပြင်သစ်ရဲ့ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အနောက်အာဖရိမှာရှိတဲ့ မာလီနိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ်မစ် သူပုန်တွေက နိုင်ငံရဲ့မြောက်ပိုင်း မြို့အတော်များများကို သိမ်းယူထားခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်ရဲ့ စစ်ရေးအကူအညီနဲ့ အဲဒီသူပုန်တွေကို ပြန်လည် တိုက်ခိုက်နေခဲ့ရာမှာတော့ သူပုန်တွေ ခြေကုပ်ယူ တပ်စွဲထားတဲ့ မြို့တွေထဲက နောက်ဆုံးမြို့ဖြစ်တဲ့ Kidal မြို့ကို မာလီနဲ့ ပြင်သစ်တပ်တွေ ဝင်ရောက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

မနေ့ညက စပြီး ပြင်သစ် စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ခီဒယ်လ်မြို့လေဆိပ်ကို ပျံသန်းပြီး ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ ပြင်သစ်စစ်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး သီယာရီ ဘက်ဟဒ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ခီဒယ်လ်မြို့ကို ခြေကုပ်ယူထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကတော့ အဲဒီမြို့ကို စွန့်ခွါထွက်ပြေးသွားခဲ့ကြတဲ့အတွက် မြေပြင်တိုက်ပွဲတွေ ဘာမှ မဖြစ်ခဲ့ပါဘူး။

အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဘယ်သူက ခေါင်းဆောင်နေသလဲဆိုတာကိုတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေသတွင်း သတင်းတချို့ ထွက်နေတာကတော့ အဲဒီ အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ခီဒယ်လ်မြို့ မြောက်ဘက်ပိုင်း တောင်တန်းတွေဘက်ကို ဆုတ်ခွာသွားဟန်ရှိတယ်လို့ ပြောပါတယ်။

ခီဒယ်လ်မြို့ရဲ့ လမ်းမတွေမှာ ရှိတဲ့ စစ်သွေးကြွတွေကို အားပေးထောက်ခံသူတွေရဲ့ ဆိုင်တွေကို ပြည်သူတွေက လုယူမှုတွေ လုပ်ခဲ့တာကြောင့် ပြင်သစ်နဲ့ မာလီတပ်တွေက ထိန်းသိမ်းရေးတွေကို လုပ်ဆောင်နေရပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ အဓိက တပ်စွဲတဲ့ မြို့တွေကို ပြန်လည် ထိန်းချုပ်လိုက်နိုင်တာဟာ ကြီးမားတဲ့ အောင်ပွဲတခု ဖြစ်ပေမယ့် အန္တရာယ်တွေ ချုပ်ငြိမ်းသွားတာ မဟုတ်သေးကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖာဘီယိုက ပြောကြားခဲ့ပါတယ်။

ယုံကြည်စိတ်ချမှုရှိတဲ့ ရွေးကောက်ပွဲတွေကသာ မာလီနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့်လို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မာလီရဲ့ ယာယီ သမ္မတ ဒီယွမ်ကောင်တာ ဒရာအိုရီကလည်း Dioncounda Traora ကလည်း လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲတွေကို ဇူလိုင်လ ၃၁ နောက်ဆုံးထားပြီး ကျင်းပဖို့ ဆန္ဒရှိကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

အခု ဒီခီဒယ်လ်မြို့ကို မာလီနဲ့ ပြင်သစ်တပ်တွေ ပြန်လည် ထိန်းချုပ် သိမ်းယူနိုင်ခဲ့မှုဟာ ပြင်သစ်နိုင်ငံရဲ့ စစ်ရေးအရ ဝင်ရောက်မှု ပထမပိုင်းကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ဒီ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ရှင်းလင်း သုတ်သင်ဖို့ကတော့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေအုံးမှာပဲလို့ တင်ဘူခူရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။