BBC navigation

မြန်မာအပြောင်းအလဲကို ဖေးမခဲ့လို့ ဟီလာရီပြော

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 01:23 GMT

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၄ နှစ်တာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဟီလာရီ ကလင်တန်ကို သူမရဲ့ တာဝန်ပြီးဆုံးတဲ့ နောက်ဆုံးနေ့ မှာ အမေရိကန် နိုင်ငံခြားရေးရာ ဘီဘီစီ သတင်းထောက် Kim Ghattas က တွေဆုံမေးမြန်းခဲ့ပါတယ်။ ဒီမေးမြန်းခန်းမှာ ဟေလာရီကလင်တန်က မြန်မာအပါအဝင် အာရှမှာ ရှိတဲ့ အမေရိကန်ရဲ့ မူဝါဒဆိုင်ရာ အကြောင်းနဲ့ အတူ သူမရဲ့ စွမ်းဆောင်နိုင်မှုအကြောင်းတွေကို ပြောခဲ့ပါတယ်။

မေးမြန်းခန်း ကောက်နုတ်ချက်တချို့ကို ဖေါ်ပြရမယ်ဆိုရင်

မေး။။ အမေရိကန်အနေနဲ့ ဆီးရီးယားမှာ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ပေမယ့် တူရီကီတို့ ဂျော်ဒန်တို့နဲ့ စကားပြောကြည့်တဲ့အခါမှာ တော့ အမေရိကန်မှာ လိုအပ်ချက်အတော်များများရှိတယ်လို့ ဆိုကြတော့ ဆီးရီးယားမှာ အမေရိကန်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ အားရကျေနပ်မှုရှိရဲ့လားဗျာ့။

ဖြေ။။ ယုံကြည်စိတ်ချမှုရှိနိုင်တဲ့ အတိုက်အခံတရပ် ပေါ်ပေါက်လာအောင် ကူညီတဲ့နေရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍဟာ တခြား ဘာနဲ့မှ အစားထိုးလို့မရပါဘူး။ လစ်ဗျားမှာဆိုရင်လည်း အမေရိကန်ရဲ့ အခန်းကဏ္ဍ ပိုမိုပါဝင်လာမှ နိုင်ငံပြန်လည် တူထောင်နိုင်တာပါ။ ဆီးရီးယားကို ကူညီတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း တွေမှာလည်း အမေရိကန်က အများဆုံးပါပဲ။ နောက်ပြီး ရုရှားက အမြဲကန့်ကွက် နေတဲ့ကြားကပဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုံခြုံရေးကောင်စီမှာ ကျမ အမြဲတမ်းတင်ပြခဲ့ပါတယ်။ တူရကီတို့ ဂျော်ဒန်တို့က အားမရဘူးလို့ လူတွေရှေ့မှာသာ ပြောနေကြတာပါ။ ကျမတို့အတွင်းထဲမှာတော့ ဆီးရီးယားရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို သူတို့တွေနားလည်ကြပါတယ်။ ဆီးရီးယားမှာ ဒီထက်ပိုပြီး သွေးထွက်သံယိုမှုတွေ မဖြစ်အောင်လည်း ကျမတို့အားလုံးက ကြိုးစားလုပ်ဆောင်နေကြပါတယ်။

မေး။။ ပြီးမြောက်အောင်မြင်မှုတွေအကြောင်းတွေကို တထွေကြီးပြောနေပေမယ့် ခင်ဗျားကို ဝေဖန်တဲ့ သူတွေကတော့ နိုင်ငံခြားရေးဝန်ကြီး တယောက်အနေနဲ့ မစ္စစ်ကလင်တန်က ဘာမှ မည်မည်ရရလုပ်နိုင်ခဲ့တာ မရှိပါဘူးလို့ ဝေဖန်နေပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို တုန့်ပြန်ပြောချင်ပါသလဲ?

ဖြေ။။ အဲဒါတွေကတော့ အင်မတန်မှကို ကျဉ်းမြောင်းပြီး မမှန်ကန်တဲ့ အမြင်တွေပါ။ ကျမကို ခိုင်းတဲ့ အဓိက တာဝန်တခုကတော့ ယိုယွင်းနေတဲ့ အမေရိကန် ခေါင်းဆောင်ပိုင်းကို ပြန်တည်ဆောက်ဖို့ပါ။ ဒါတွေကို လုပ်နိုင်ခဲ့တဲ့အပြင် အမေရိကန်ရဲ့ ကျဆင်းနေတဲ့ အခြေအနေကို ပြန်ပြီး ဦးမော့လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာရှမှာ ဆိုရင်လည်း အမေရိကန်ရဲ့ အခန်းကဏ္ဍပိုပြီးကျယ်ပြန့်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေဟာ စစခြင်းပဲ ပျက်ပြားသွားနိုင်ပေမယ့် တဖြည်းဖြည်း ကောင်းမွန်လာအောင် ဖေးမပေးနိုင်ခဲ့ပါတယ်။ သမိုင်းအထောက်အထားအရ အင်အားကောင်းလာတဲ့ နိုင်ငံတနိုင်ငံနဲ့ အင်အားအကြီးဆုံးနိုင်ငံတွေဟာ အားပြိုင်တိုက်ခိုက်မှုတွေရှိခဲ့ကြပေမယ့် တရိပ်ရိပ်တိုးတက်လာတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးဟာ ပြေလည် ကောင်းမွန်ပါတယ်။

မေး။။ ဟုတ်ကဲ့ လာမယ့် တနင်္လာနေ့ဆိုရင် မစ္စစ်ကလင်တန်အနေနဲ့ အနှစ် ၂၀ နှစ်ဆယ်အတွင်း ပထမဆုံး အလုပ်လက်မဲ့ တဦးအနေနဲ့ အိပ်ယာထလာရတော့မယ်ဆိုတော့ ဘာတွေလုပ်ဖို့ စိတ်ကူးထားလဲ။

ဖြေ။။ အဲဒါကို ကျမလည်း သိချင်နေတာ။ ကျမ ကောလိပ်တက်တဲ့အရွယ် ၁၃ နှစ်သမီး အရွယ်ကတည်း အလုပ်ကြိုးစားခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ အိုဘာမား အစိုးရအတွက် ပင်ပန်းခဲ့တာအားလုံးကို သိမ်းကြုံးအနားယူဖို့ စဉ်းစားထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။