BBC navigation

ပြင်သစ် သမ္မတ မာလီမြောက်ပိုင်း ရောက်ရှိ

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 15:49 GMT

ပြင်သစ် တပ်ဖွဲ့ တွေကို ဂုဏ်ပြု စကား ပြောကြား ဖို့ အတွက် မစ္စတာ အော်လန်း မာလီကို ရောက်ရှိ

မာလီ နိုင်ငံ မြောက်ပိုင်းက တင်မ်ဘက်တူ မြို့ကို ရောက်ရှိ လာတဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းကို လူအုပ်ကြီးတွေ ကနေ ဘင်တွေ တီးပြီး ပြင်သစ် နိုင်ငံတော်ကြီး အဓွန့်ရှည် ပါစေလို့ အဓိပ္ပါယ် ရတဲ့ Vive La France လို့ အော်ဟစ်ကာ ကြိုဆို နှုတ်ဆက်ခဲ့ ကြပါတယ်။

မာလီ မြောက်ပိုင်းကို သိမ်းယူ ထားတဲ့ အစ္စလာမ် သူပုန်တွေကို ပြန်ဆုတ် သွားအောင် တိုက်ထုတ် နိုင်ခဲ့တဲ့ ပြင်သစ် တပ်ဖွဲ့တွေကို ဂုဏ်ပြု စကား ပြောကြားဖို့ အတွက် မစ္စတာ အော်လန်းဟာ မာလီကို တရက်ကြာ အလည် အပတ် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

တင်မ်ဘက်တူ မြို့မှာ စကား ပြောကြား ရာမှာ မစ္စတာ အော်လန်းက မာလီက ပဋိပက္ခတွေ ပြီးသွား ပြီလို့ ယူဆ ရင်တော့ မှားလိမ့် မယ်လို့ ပြောသွားပါတယ်။ ပြင်သစ် တပ်ဖွဲ့ တွေကို မာလီမှာ ရေရှည် ချထားဖို့ အစီ အစဉ် မရှိဘူးလို့လည်း သူက ပြောကြား သွားပါတယ်။

အဆင်မြင့် ပြင်သစ် အစိုးရ ဝန်ကြီးတွေပါ မစ္စတာ အော်လန်းနဲ့ အတူ လိုက်ပါ လာခဲ့ ကြတာ ဖြစ်ပါတယ်။

တင်မ်ဘက်တူ မြို့ကို ပြင်သစ်နဲ့ မာလီ တပ်ဖွဲ့တွေ ကနေ အစ္စလာမ် သူပုန်တွေ လက်ထဲ ကနေ ပြီးခဲ့တဲ့ ၆ ရက် ကမှ ပြန်သိမ်းယူ ခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင် ပြင်သစ် တပ်ဖွဲ့ တွေဟာ မာလီမှာ အစ္စလာမ် သူပုန် တွေကို တိုက်ခိုက် နေတာ သီတင်ပတ် သုံးပတ် ရှိသွားပြီ ဖြစ်ပါတယ်။

လက်စားချေမှာကို ကုလစိုးရိမ်

ပြင်သစ်နဲ့ မာလီ စစ်တွေ ကနေ မကြာသေးခင်က ပြန်လည် သိမ်းယူ ခဲ့တဲ့ မာလီနိုင်ငံ မြောက်ပိုင်းက မြို့တွေက တွားရပ်နဲ့ အာရပ် လူမျိုးစုတွေ အပေါ် လက်စားချေ တိုက်ခိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ ကနေ သတိပေး ပြောကြား လိုက်ပါတယ်။

မာလီနိုင်ငံ မြောက်ပိုင်းမှာ မာလီ စစ်တပ် ကနေ လူ့အခွင့် အရေး ချိုးဖေါက် မှုတွေကို ဆိုးဆိုး ဝါးဝါး ကျူးလွန် နေတယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ ထွက်ပေါ် နေတယ် လို့ ကုလသမဂ္ဂ အရာရှိ တဦးက ပြောကြား ပါတယ်။

မာလီ မြောက်ပိုင်းက တွာရပ်နဲ့ အာရပ် လူမျိုးစုတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယူ ထာတွေ၊ အုပ်စုလိုက် ဝိုင်းပြီး သတ်ဖြတ် တာတွေ ရှိနေတယ် ဆိုတဲ့ သတင်း တွေ ရရှိကြောင်း ကိုလည်း အဲဒီ အရာရှိက ပြောပါတယ်။

ဒီလူမျိုးစုတွေဟာ အစ္စလာမ် လက်နက်ကိုင်အ ဖွဲ့တွေကို ထောက်ခံအားပေးတဲ့ သူတွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။