BBC navigation

ကျဆုံးစစ်သား သင်္ဂြိုဟ်ဖို့ အမေရိကန်ရှာမယ်

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 21:21 GMT
US Burmese Presidents

မြန်မာ-အမေရိကန် သမ္မတနှစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာက ရန်ကုန်မှာ တွေ့ဆုံ နှုတ်ဆက်နေကြတာ ဖြစ်ပါတယ်။

မြန်မာ့ မျက်မှောက်နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးက ပြန်ပြီး သိပ်သည်းလာသလို နိုင်ငံရေးနဲ့ စီးပွားရေး တိုးမြှင့် ဆောင်ရွက်မှုတွေနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေနဲ့အတူ မြန်မာနိုင်ငံတွင်း ကျဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့ အမေရိကန်စစ်သား ၇၀၀ ကျော်ရဲ့ အလောင်းတွေကို ပြန်ရှာပြီး ကောင်းစွာ စီမံသင်္ဂြိုဟ်နိုင်ဖို့ကို လက်ရှိမှာ အမေရိကန် ကာကွယ်ရေးဌာနက မြန်မာနိုင်ငံကို လာရောက်လို့ မကြာခင် လပိုင်းတွေ အတွင်းမှာ လက်တွေ့ ရှာဖွေမှုတွေ လုပ်ဖို့ ရှိပါတယ်။

အခုလို တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်ဆိုတဲ့ စစ်သားတွေရဲ့ အလောင်းတွေ ပြန်ရှာတာဟာ အမေရိကန်တွေအတွက် အရေးပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး ဂျိမ်းစ် ဂရက်ဂရီက ဘီဘီစီကို ပြောပါတယ်။

ဘယ်အချိန်မှာ အခွင့်အရေးရရ ဒီလို ကျဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေကို အမေရိကန် ပြည်ထောင်စုက သူတို့ရဲ့ တတွေရဲ့ မိသားစုတွေဆီ အရောက် ပြန်သယ်တာတွေက သိပ်ကို အရေးကြီးပါတယ်။ အမေရိကန် ပြည်ထောင်စုတွင်းက မိသားစုတွေကြားမှာလည်း ပိုပြီး ရင်းနှီး နီးကပ် နွေးထွေးစေပါတယ်၊ ဒါကြောင့်လည်း အခုလို ရှာဖွေရေး လုပ်ငန်းစဉ်တွေကို ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ ဒုတိယ ဗိုလ်မှူးကြီး ဂျိမ်းစ် ဂရက်ဂရီက ဘီဘီစီကို ပြောပါတယ်။

ကျဆုံးခဲ့ကြတဲ့ ဒီအမေရိကန်စစ်သားတွေဟာ ကချင်ပြည်နယ်မှာလား၊ မြန်မာပြည်ရဲ့ ဘယ်အပိုင်းမှာလဲ ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ လတ်တလောမှာတော့ ရှာဖွေမှုတွေအတွက် မြန်မာဘက်နဲ့ ညှိနှိုင်းမှုတွေ၊ အချက်အလက် စုဆောင်းပြင်ဆင်မှုတွေ လုပ်တုန်း ဖြစ်ပါတယ်။

အခုလို အမေရိကန်က မြန်မာနိုင်ငံမှာ ကျဆုံးစစ်သားတွေ ရှာဖွေနိုင်ခွင့်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ၂၀၁၁ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တုန်း ကမ်းလှမ်း သဘောတူညီခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် လပိုင်းအတွင်း စတင် ရှာဖွေကြမယ်ဆိုတော့ အချိန်ကာလ ဘယ်လောက်အတွင်းမှာ ဒီရှာဖွေမှုကို အပြီးသတ်နိုင်မလဲ ဆိုတာကိုတော့ ဂျိမ်းစ် ဂရက်ဂရီက သူ့အနေနဲ့ အပိုင် မပြောနိုင်သေးဘူး၊ အခုက ရှာဖွေရေးအတွက် ပြင်ဆင်နေတုန်းလို့ ဆိုပါတယ်။

ဒီရှာဖွေမှုကို အမေရိကန်ကာကွယ်ရေးဌာန၊ အမေရိကန်-ပစိဖိတ်စစ်ဌာနချုပ်ရဲ့ လက်အောက်က စစ်သုံ့ပန်းနဲ့ ကျဆုံးစစ်သည် စာရင်းကောက်ယူရေး ပူးတွဲဌာနချုပ်က တာဝန်ယူ လုပ်ဆောင်တာဖြစ်ပြီး၊ မြန်မာဘက်က ပူးပေါင်း ဆောင်ရွက်သူကတော့ ကာကွယ်ရေးဝန်ကြီးဌာနလား၊ တခြား အစိုးရဌာန တခုခုလား ဆိုတာ သူက မပြောပေမယ့် ဒါဟာ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေး အပါအဝင် ဆက်ဆံရေး တိုးမြှင့်မှုနဲ့ မြန်မာလူထု အကျိုးရည် ဆောင်ရွက်ချက်တွေပါလို့ ဒုတိယ ဗိုလ်မှူးကြီး ဂျိမ်းစ် ဂရက်ဂရီက ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။