BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 22:26 GMT

မီဒီယာ ပလေးယား

ချန်ပီယံ ပြိုင်ပွဲမှာ လဲသူလဲ ပြေးသူပြေး နေကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ နဲ့ ၂၅

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

rooney

မန်ယူအတွက် ၂ ပွဲဆက် ဂိုးသွင်း ခဲ့တဲ့ ဝိန်းရူနီ

တပတ်ထဲမှာ ပွဲစဉ် ၂ ပွဲကို ကစားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ်မှာ နောက်ကလိုက် နေတဲ့ အသင်း ခလုတ်တိုက်လဲ တုန်း ရှေ့က ပြေးနေတဲ့ သူတွေက ခြေကုန်သုတ်ပြီလား။ နောက်က အသင်းကရော လဲကျနေရာက ပြန်ထ လိုက်နိုင်ပြီလား ဆိုတာတွေကို တင်ဆက် ပေးသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကို ကစား ခဲ့ကြပါတယ်။

အင်္ဂါနေ့မှာ ဒုတိယနေရာက လိုက်နေတဲ့ မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ် ဇယားရဲ့ အောက်က ရုန်းကန်နေရတဲ့ ကျူပီအာ အသင်းနဲ့ ကစား ခဲ့ရပါတယ်။ စာရွက် ပေါ်မှာ ကြည့်ရင်တော့ ဒီ ၂ သင်း ယှဉ်နိုင်စရာ မရှိပေမယ့် တကယ်ကွင်းထဲမှာ ကစား တဲ့ အခါမှာတော့ ကျူပီအာ ရဲ့ ခံစစ်ကို မန်စီးတီးတို့ မကျော် နိုင်ခဲ့ကြဘဲ ပွဲအပြီးမှာ ဂိုးမရှိ သရေနဲ့ ၁ မှတ်သာ ယူနိုင် ခဲ့ကြပါတယ်။

အဲဒီလို မန်စီးတီး အသင်း ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး နောက်တနေ့မှာတော့ ပြီးခဲ့တဲ့ ပွဲစဉ် စပါးစ်နဲ့ပွဲမှာ ပွဲပြီးခါနီးမှ ချေပဂိုး ပေးခဲ့ရလို့ ၁ မှတ်သာ ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆောက်သမ်တန် အသင်းကို လက်ခံ ကစား ခဲ့ပါတယ်။

နည်းပြ အပြောင်းအလဲ ဖြစ်ထားတဲ့ ဆောက်သမ်တန်ကို အလွယ်နဲ့ အနိုင်ရနိုင်မလားလို့ ထင်ထား ကြပေမယ့် ပွဲစပြီး မိနစ်ပိုင်း မှာတင် ဆောက်သမ်တန်က မန်ယူနိုက်တက် နောက်တန်း အမှားနဲ့ ဂိုးစယူ သွားခဲ့လို့ မန်ယူတို့ နောက်က လိုက်ကစား ခဲ့ရပြီး ဝိန်းရူနီရဲ့ ၂ ဂိုးနဲ့ ပထမပိုင်း အပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စတော့ ဆောက်သမ်တန် က တင်ကစားခဲ့ပါတယ်။ မန်ယူ အိမ်ကွင်းဖြစ်နေလို့သာ သက်သာ သွားခဲ့တယ်လို့ ပြောရမှာပါ။ ချေပဂိုး မပေးရအောင် အသည်းအသန် ကစားခဲ့ရပြီး ပွဲအပြီး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်လို့ မန်စီးတီး အသင်းကို အရင်လို ၇ မှတ် ပြန်ဖြတ် ထားလိုက် နိုင်ပါတယ်။

အဲဒီလို ဇယားထိပ် မှာ ပိုနေမြဲ ကျားနေမြဲ ပြန်ဖြစ်ပြီး နောက် ၃ ရက် အကြာမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ကို ဆက်လက် ကစားခဲ့ကြပါတယ်။

စနေနေ့က ကစားခဲ့ကြတဲ့ ပရီးမီးယား လိဂ် ပွဲတွေမှာတော့

ကျူပီအာ အသင်းနဲ့ နောရစ်(ချ) စီးတီး အသင်းတို့ ပွဲမှာ ဂိုးမရှိ သရေကျ ပါတယ်။

အာဆင်နယ် အသင်းကတော့ အိမ်ကွင်း အမ်းမရိတ်စ် မှာ စတုခ်စီးတီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

အဲဗာတန် အသင်းကတော့ အက်စတန်ဗီလာ အသင်းကို နောက်က လိုက်ကစားရပြီးမှ ၃ ဂိုးစီ သရေကျ ခဲ့ပါတယ်။

ရဒ်ဒီန်း အသင်းကတော့ ဆန်းဒါးလန်း အသင်းကို ခြေစွမ်းပြပြီး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။

တခါ ဝက်စဟမ်း ယူနိုက်တက် အသင်းကလည်း အခုတလော ခြေစွမ်းတွေ ပြနေတဲ့ ဆွမ်းဆီးစီးတီး အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွား ခဲ့ပါတယ်။

ဝစ်ဂန် အသင်းနဲ့ ဆောက်သမ်တန် အသင်းနဲ့ ၂ ဂိုး စီသရေကျ သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ပြူတင်းပေါက် အတွင်း က ပြင်သစ်က ကစားသမားတွေနဲ့ အားဖြည့်ထားတဲ့ နယူးကာဆယ် ယူနိုက်တက် က တော့ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။ နယူးကာဆယ် အသင်းအတွက် အနိုင်ဂိုး ကိုတော့ အခု အသစ် ဝယ်ယူထားတဲ့ ဆစ်ဆိုကို က သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က နောက်ဆုံး ကစား ခဲ့ကြတဲ့ ပွဲကတော့ ရှေ့က ပြေးနေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဖူလမ် တို့ရဲ့ပွဲပါ။ ဖူလမ်ရဲ့ ခရေဗန် ကော့တေ့ချ် ကွင်းမှာ ကစားခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က အဖ်အေ ဖလား ပြိုင်ပွဲမှာ ဖူလမ်ကို အိမ်ကွင်းမှာ မန်ယူက ဂိုး ပြတ်နဲ့ နိုင်ထားတော့ ဒီပွဲကလည်း သက်သက်သာသာ ဖြစ်မယ် ထင်စရာပါ။

ဖူလမ်အသင်းက အဖ်အေဖလားမှာ ဂိုးပြတ်နဲ့ ရှုံးထားခဲ့ပေမယ့် ဒီပွဲမှာတော့ မခေဘူးလို့ ပြောရမှာပါ။

ပွဲစတာနဲ့ ထိုးဖောက် တိုက်စစ်ဆင် ကစားပါတယ်။ မန်ယူ ဂိုးသမား ကောင်းလို့သာ စောစောစီးစီး ဂိုးမရခဲ့ တာဖြစ်ပါတယ်။

မန်ယူဘက်လည်း မန်ယူရဲ့ ထုံးစံ အတိုင်း တိုက်စစ်နဲ့ ဖွင့်ကစား ခဲ့ပါတယ်။ ၂ ဘက်စလုံး အခွင့်အရေးတွေ ရခဲ့ ကြပေမယ့် တိုင်ထိတာတွေ ဂိုးသမား ကောင်းတာတွေနဲ့ ဂိုး က မရခဲ့ ကြပါဘူး။

ပထမပိုင်း မှာ ဂိုးမရှိဖြစ်နေပြီး ဒုတိယပိုင်း ပြန်စတော့လည်း ၂ သင်းစလုံး တိုက်စစ်ဆင်ကစား ကြပေမယ့် ဂိုးမရနိုင် ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယပိုင်း ပြီးခါနီးအထိ ဘဲဥမကွဲ ခဲ့ကြလို့ ဒီပွဲအတွက် ၁ မှတ်စီ ခွဲယူရတော့ မလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ၇၉ မိနစ် အရောက် မှာတော့ ဖူလမ် နောက်တန်း အမှားကို အသုံးချလို့ ဝိန်းရူနီက တိတိကျကျ၊ လှလှပပနဲ့ ပွဲရဲ့ တလုံးထဲသော ဂိုးကို သွင်းယူ သွားခဲ့လို့ မန်ယူက ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့ရပါတယ်။

အဲဒီ ပွဲနိုင်လိုက်လို့ မန်ချက်စတာ ယူနိုက်တက် အဖို့ သူ့နောက် မန်ချက်စတာ စီးတီး အသင်းကို ၁၀ မှတ် ဖြတ် ထား နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူ အခြေအနေကောင်း သွားပြီလား။

ပွဲအပြီးမှာ မန်ယူ နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင် ပြောတာကတော့

"ရိုးရိုးသားသား ပြောရရင် သူ့အသင်း အတွက်သာ သူအာရုံ စိုက်ထားကြောင်း၊ သူတို့ အတွက် ဇယား ရဲ့ ဘယ်နေရာက အသင်းနဲ့ ပဲ ကန်ကန် ပွဲတိုင်းဟာ ၃ မှတ် တန်တယ်လို့ မှတ်ယူ ပြီး ကစား ကြောင်း၊ အဲဒီ အတိုင်းပဲ ခံယူ ကစားသွားနိုင်မယ် ဆိုရင်တော့ သူတို့ အခြေအနေ ကောင်းနိုင်ကြောင်း" တွေကို ပြောသွား ခဲ့ပါတယ် ။

တနင်္ဂနွေ နေ့မှာတော့ ၂ ပွဲ ကစား ခဲ့ကြပါတယ်။ ပထမပွဲကတော့ ဝက်စ်ဘရောမ်းနဲ့ တော့တင်ဟမ် ဟော့စပါးစ် တို့ရဲ့ပွဲပါ။ ဒီပွဲမှာလည်း အိမ်ကွင်း ကစားအားရှိတဲ့ ဝက်စ်ဘရောမ်းကို စပါးစ် လွယ်လွယ်နဲ့ မထိုးဖောက် နိုင်ခဲ့ဘဲ ၆၇ မိနစ် ရောက်မှ ဂဲရက်ဘေးလ်က သွင်းယူ ပေးခဲ့လို့ စပါးစ်တို့ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ရပါတယ်။

အဲဒီပွဲ နောက်မှာတော့ မန်ချက်စတာစီးတီး အသင်းက အိမ်ကွင်းမှာ လစ်ဗာပူးလ် အသင်းကို လက်ခံ ကစားခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ရှေ့က မန်ယူက ၁၀ မှတ် ဖြတ်ထားပြီး ဖြစ်တော့ မန်စီးတီးအဖို့ အိမ်ကွင်း အားသာနေပေမယ့် အသင်းကောင်းနဲ့ ပွဲကျပ် မကစားရခင်မှာ အပို ဖိအားလို ဖြစ်နေခဲ့ပါတယ်။

ဒီဖိအားကို မန်စီးတီးကိုင်တွယ် နိုင်ပါ့မလား ဆိုပြီး အားလုံးက စောင့်ကြည့် နေခဲ့ကြတာပါ။ ပွဲစပြီး ၂၃ မိနစ်မှာ စီးတီးအတွက် ဂျက်ကိုက သွင်းလို့ မန်စီးတီး အဖွင့် ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၉ မိနစ်မှာ လစ်ဗာပူးလ် အတွက် စတားရစ်(ချ) က ပြန်ချေပါတယ်။ အဲဒီနောက် ဒုတိယပိုင်း ၇၃ မိနစ်မှာ လစ်ဗာပူးလ် အတွက် ဂျဲရတ်က ဦးဆောင် ဂိုး သွင်းပေး ပြန်ပါတယ်။ ဒါပေမယ့် ၇၈ မိနစ်မှာ လစ်ဗာပူးလ် ဂိုးသမား အထွက်မှား တာကနေ အဂွဲရိုးက ချေပဂိုး ပြန်သွင်း နိုင်ခဲ့ပြီး ၂ ဂိုးစီ သရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုမှာရော ဂိုးသွင်းခွင့် တွေမှာပါ အိမ်ရှင် အသင်းထက် ဧည့်သည် အသင်း လစ်ဗာပူးလ်က သာလွန် နေတာကို တွေ့ခဲ့ရတော့ မန်စီးတီး မှာ ဖိအားတွေ ခံနေရပြီလား တွေးစရာ ဖြစ်ပါတယ်။

အခု ကန်ပြီးသလောက် ပွဲစဉ် ၂၅ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယား လိဂ် အမှတ်ပေး ဇယားကို ၆၂ မှတ်နဲ့ ဦးဆောင် နေပြီး သူ့နောက်မှာ မန်စီးတီးက ၅၃ မှတ်နဲ့ ဒုတိယ၊ ချဲလ်ဆီးက ၄၆ မှတ် နဲ့ တတိယ အသီးသီး ရှိနေပါတယ်။

အဖွင့်က ပြောခဲ့သလို နောက်က လိုက်နေတဲ့ မန်စီးတီး ခလုတ်တိုက်တုန်း ရှေ့က မန်ယူက ခြေကုန်ထုတ်လို့ ပြေးခဲ့ပေမယ့် မန်စီးတီးကတော့ လဲကျရာက ကုန်းထနေဆဲ လို့ပဲ ပြောရတော့မှာပါ။ ဒီတပတ် ပွဲစဉ် ၂၅ အပြီး ပထမ နေရာက အသင်းနဲ့ ဒုတိယ နေရာက အသင်း ၉ မှတ် ပြတ် လာတဲ့ အချိန်မှာ တတိယ နေရာက အသင်း ချဲလ်ဆီးနဲ့ ဆဋ္ဌမ နေရာက ၄၁ မှတ် ရနေတဲ့ အာဆင်နယ် တို့ ကြားမှာ ၅ မှတ် သာ ပြတ်နေတော့ ချန်ပီယံ ဖြစ်ရေးထက် ချန်ပီယံလိဂ် ဝင်ခွင့်ရရေး က ပိုပြီး အကျိတ်အနယ် ဖြစ်လာနေပြီ ဖြစ်ကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။