BBC navigation

အစ္စရေးကို ဆီးရီးယား အပြစ်တင်

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 22:44 GMT

ပြီးခဲ့တဲ့ အပတ်က အစ္စရေးက ဆီးရီးယားကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့

အစ္စရေး နိုင်ငံဟာ ဆီးရီးယားကို မတည် မငြိမ် ဖြစ်ဖို့ ကြိုးစား နေတယ်လို့ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်က ပြောလိုက် ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အစ္စရေးက ဆီးရီးယားကို လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့ပြီးတဲ့ နောက်မှာ မစ္စတာ အာဆတ်ရဲ့ အခု စကားဟာ အစ္စရေးကို ပထမဆုံး ဝေဖန် လိုက်တဲ့ စကား ဖြစ်ပါတယ်။

ဆီးရီးယား ရုပ်မြင် သံကြားမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကို ပြသခဲ့ပါတယ်။ အဲဒီ သတင်းမှာတော့ အစ္စရေး ဂျက်လေယာဉ်ဟာ ဂျမ်မရားယား မှာ ရှိတဲ့ စစ်ဖက် သုတေသန ဌာနတခုကို ဗုဒ္ဓဟူးနေ့ တုန်းက တိုက်ခိုက် ခဲ့တယ်လို့ ဆိုထား ပါတယ်။

အမေရိကန် အရာရှိတွေ ကတော့ ဒီလေကြောင်း တိုက်ခိုက်မှုဟာ လက်ဘနွန်ကို တင်ပို့ဖို့ စီစဉ် ထားတဲ့ လက်နက် ပစ္စည်းတွေ တင်ထားတဲ့ ယာဉ်တန်းကို တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ယာဉ်တန်း ပေါ်မှာ SA-17 မြေပြင် ကနေ ဝေဟင် ပစ် မစ်ဇိုင်း ဒုံးကျည်တွေ တင်ဆောင် ထားတယ်လို့ ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဌာန ကတော့ သူတို့ လုပ်ကြောင်းကို အတိ အလင်း ဝန်မခံ ပေမဲ့ အရိပ်အမြွက် သဘော ပြောဆို ပါတယ်။ ဆီးရီးယား အနေနဲ့ လက်ဘနွန် နိုင်ငံကို လက်နက် နဲ့ နည်းပညာ တင်ပို့ မှာကို ကျနော်တို့ ခွင့် မပြုနိုင်ဘူး လို့လည်း သူက ဆိုပါတယ်။

ဆီးရီးယား သမ္မတ အာဆတ် ကတော့ အစ္စရေး အနေနဲ့ အခုလို ပြောဆို နေတာဟာ အစ္စရေးရဲ့ တကယ့် အခန်း ကဏ္ဍကို ဖုံးကွယ် ပြောဆို နေတာလို့ ဆိုပါတယ်။ အစ္စရေးဟာ အနောက် နိုင်ငံ ရန်သူတွေ ၊ ပြည်တွင်းက နိုင်ငံခြား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ဆီးရီးယားကို မတည်ငြိမ်အောင် အင်အားချိနဲ့ သွားအောင် လုပ်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ် ပြောဆို နေတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဆီးရီးယားဟာ ဘယ်လို ပြည်ပ တိုက်ခိုက်မှု မျိုးကို မဆို ခုခံ နိုင်တယ် လို့လည်း သူက ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဂျင်မ် မူအား ကတော့ အခု အစ္စရေး ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အစ္စရေး ဆန့်ကျင်တဲ့ အာရပ်တွေ ကြားမှာ ဆီးရီးယားကို သိက္ခာ တက်သွား စေတယ်လို့ သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။