BBC navigation

ကမ္ဘာပေါ်မှာ ညှိကန်တဲ့ ဘော်လုံးပွဲပေါင်း ၇၀၀ ကျော်ရှိ

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 17:05 GMT
Europol မှညွှန်ကြားရေးမှူး Rob Wainwright

Europol မှညွှန်ကြားရေးမှူး Rob Wainwright

ဥရောပ တခွင် ကစား ခဲ့ကြတဲ့ ဘောလုံး ပွဲစဉ်ပေါင်း ၃၈၀ ဟာ ညှိပြီး ကန်ခဲ့ကြတဲ့ ပွဲစဉ်တွေ ဖြစ်ပြီး အဲဒီထဲမှာ အင်္ဂလန်မှာ ကန်ခဲ့တဲ့ ချန်ပီယံ League ကလပ် အသင်း ပွဲစဉ် တစ်ခုလည်း ပွဲညှိ ကန်ကြတဲ့ အထဲ ပါဝင်တယ်လို့ ဥရောပ က စုံစမ်းရေး အဖွဲ့က ပြောပါတယ်။

ဒါပေမယ့် ဘယ်ပွဲစဉ်တွေမှာ မသမာမှု ရှိခဲ့တယ် ဆိုတာကိုတော့ ဥရောပ ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောခြင်း မရှိသေးပါဘူး။ ဥပဒေအရ ဆောင်ရွက်မှုတွေ ရှိနေတဲ့ ကာလ ဖြစ်လို့ ထုတ်ဖော်မပြောနိုင်တာလို့ ဆိုပါတယ်။ နယ်သာလန် နိုင်ငံ The Hague မြို့မှာ ပြုလုပ်ခဲ့တဲ့ Europol ဥရောပ ရဲတပ်ဖွဲ့ရဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ လွန်ခဲ့တဲ့ သုံးနှစ် သို့မဟုတ် လေးနှစ်က အင်္ဂလန်မှာ ကန်ခဲ့တဲ့ ကလပ် အသင်း ပွဲစဉ် တစ်ခု မှာ ညှိကန် တာ ရှိခဲ့တယ်၊ ကမ္ဘာ့ ဖလား ဘောလုံးပွဲ တွေနဲ့ ဥရောပ ဖလား ဘောလုံး ပွဲစဉ်တွေ အတွက် ခြေစစ်ပွဲတွေ မှာရော ဥရောပ ထိပ်တန်း ကလပ် အသင်း ပွဲစဉ် တချို့ မှာပါ ပွဲညှိ ကန်တာတွေ ရှိခဲ့ တယ်လို့ မသင်္ကာ စရာ တွေ့ရကြောင်း ထည့်သွင်း ပြောသွား ပါတယ်။

ဘောလုံးသမား တချို့နဲ့ ကလပ် အသင်း တာဝန်ရှိသူတချို့ကို လာဘ်ထိုးပြီး လျှော့ ကစားခိုင်းတာနဲ့ ပွဲ အဖြေကို ကြိုပြီး ညှိထားခဲ့ကြတာ တွေ လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ အတွက် တာဝန်ခံ တွေ၊ ကလပ် အသင်း တာဝန်ခံတွေ၊ ကစား သမားတွေနဲ့ ပြစ်မှု ကျူးလွန်သူ စုစုပေါင်း ၄၂၅ ယောက် ပါဝင် ပတ်သက်ခဲ့ကြ တယ်လို့ လည်း ဆိုပါတယ်။ Europol ရဲတပ်ဖွဲ့ ညွှန်ကြား ရေးမှူး Rob Wainwright ကတော့ ဒီလောက် အတိုင်းအတာ အထိ ကျူးလွန် ခဲ့မှုတွေကို အရင်က မကြုံခဲ့ ဖူးကြောင်း ပြောပါတယ်။

ဒီ မသမာမှုဟာ အာရှ ဒေသမှာ အခြေစိုက်တဲ့ ခေတ်မှီ နိုင်ငံတကာ ရာဇဝတ် အဖွဲ့ အဖွဲ့က ပြစ်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တာ ဖြစ်ပြီး သူတို့က ဥရောပ တဝန်းက ပြစ်မှု ကျူးလွန်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်တယ်လို့လည်း Europol ရဲတပ်ဖွဲ့ ညွှန်ကြား ရေးမှူး Rob Wainwright က ပြောပါတယ်။ တကမ္ဘာလုံး အတိုင်းအတာ အရ ပွဲစဉ်ပေါင်း ၇၀၀ နီးပါး ကို ပွဲညှိကန်ခဲ့ကြတာပါ။


၁၈ လကြာအောင် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ Europol အဖွဲ့က ရာဇဝတ်မှု ကျူးလွန်တဲ့ သူတွေကို ဖော်ထုတ်ရာမှာ ဂျာမနီ အခြေစိုက် ပွဲစဉ်တွေမှာ လောင်းကြေးငွေ စတာလင်ပေါင် ၁၃ ဒဿမ ၈ သန်း ရှိပြီး အကျိုး အမြတ် ပေါင်ငွေ ၆ ဒဿမ ၉ သန်း ရခဲ့ပါတယ်။ တစ်ယောက်ထဲကို အများဆုံး လာဘ်ထိုးရငွေက ပေါင်ငွေ တစ်သိန်း နှစ်သောင်းကျော် အထိ ရှိခဲ့တယ် လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။