BBC navigation

ပညာရေးတွက် အသက်စွန့်မယ်လို့ မာလာလာပြော

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 00:14 GMT

မာလာလာ ပညာရေး ထောက်ပံ့မှု ရန်ပုံငွေ အဖွဲ့ကို ထူထောင်လိုက် ပါတယ်

ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာ သင်ကြား နိုင်ရေး လှုပ်ရှား ဆောင်ရွက်မှုကြောင့် တာလီဘန်က ခေါင်းကို သေနတ်နဲ့ ပစ်တာ ခံခဲ့ ရတဲ့ မာလာလာ ယူဆွတ်ဇိုင်က ဒီအရေး အတွက် သူ့အသက် ကို စွန့်ပြီး ဆောင်ရွက် သွားလိုကြောင်း ပြောကြား လိုက်ပါတယ်။

အသက် ၁၅ နှစ် ရှိပြီ ဖြစ်တဲ့ မာလာလာဟာ မနှစ် အောက်တိုဘာလက ပစ်ခတ် ခံရပြီးနောက် အင်္ဂလန် နိုင်ငံ ဘာမင်ဟမ်မှာ ဆေးကုသမှု ခံယူနေပါတယ်။

ကလေး သူငယ်တိုင်း ပညာ တတ်မြောက်ရေး အတွက် သူ့အသက်ကို လဲဆိုရင် လဲပါ့မယ်လို့ နောက်ဆုံး အကြိမ် ခွဲစိတ်မှု မခံယူခင် မာလာလာက ဗီဒီယိုနဲ့ စကား ပြောခဲ့ ပါတယ်။

သူ့ဦးခေါင်းခွံ ပြန်ဆက်ဖို့ စနေနေ့က ခွဲစိတ် ခဲ့ပြီးနောက် မာလာလာရဲ့ အခြေ အနေ သိပ်ကောင်းပြီး သက်သာ လာပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ အကြား အာရုံကြောပါ ထိခိုက်ခဲ့လို အရိုးနု အစားထိုး ကုသမှုပါ ခံယူခဲ့ရပါတယ်။

အခုလို အရွယ်နဲ့ မလိုက်အောင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တဲ့ မာလာလာ ဟာ သူ့ရည်ရွယ်ချက် အတိုင်း မာလာလာ ပညာရေး ထောက်ပံ့မှု ရန်ပုံငွေ အဖွဲ့ကို ဆက်လက် လုပ်ချင်တဲ့ အတွက် Vital Voices အဖွဲ့နဲ့ အများက ငွေကြေး ထည့်ဝင်ပေး ကြပါတယ်။

ဒီရန်ပုံငွေကို ပါကစ္စတန်မှာ ရှိတဲ့ စွက် ချိုင့်ဝှမ်း ဒေသက မိန်းကလေးတွေ ပညာသင်ကြားရေးနဲ့ စတင် အကောင်အထည်ဖေါ်မှာ ဖြစ်ပါတယ်။

မိန်းကလေးတွေ ပညာ မတတ်ရင် အိမ်မှု အလုပ် တွေနဲ့ ပြင်ပ လုပ်ငန်း တွေမှာ ပင်ပင် ပန်းပန်း အချိန်ကုန် ရမှာကို မလိုလား သလို၊ ပညာတတ်မှ မိမိ ပတ်ဝန်းကျင် ကို ပိုပြီး အကျိုးပြု နိုင်မယ်လို့ မာလာလာက ယုံကြည်ခဲ့ သူပါ။

သူ့ရဲ့ ရည်ရွယ်ချက်ကို ဒီနှစ် နွေဦး ကာလမှာ အကောင် အထည် ဖေါ်မယ့် အကြောင်း ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မာလာလာ က ဖြေကြားသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။