BBC navigation

စီအိုင်အေက ဆော်ဒီမှာ မောင်းသူမဲ့လေယာဉ်စခန်း ထားရှိ

နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2013 - 18:25 GMT

စီအိုင်အေရဲ့ မောင်းသူမဲ့ လေယာဉ်တွေ

အမေရိကန် ဗဟို ထောက်လှမ်းရေး ဌာနက ဆော်ဒီအာရေဗျ နိုင်ငံမှာ မောင်းသူမဲ့ လေယာဉ်စခန်း ဆောက်ထားတယ် ဆိုပြီး အမေရိကန် မီဒီယာ တွေက ဖွင့်ချ လိုက်ပါတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေး ဌာန စီအိုင်အေက ဆော်ဒီအာရေဗျ နိုင်ငံမှာ မောင်းသူမဲ့ လေယာဉ် လျှို့ဝှက် လေတပ်စခန်း ဆောက်ထားပြီး အသုံးပြုနေတာ ၂ နှစ်တောင် ရှိနေပြီ ဖြစ်ပါတယ်။

သူတို့က အဲဒီ စခန်းကနေ တဆင့် အာရေဗျ ကျွန်းဆွယ်နဲ့ ယီမင် နိုင်ငံ တွေထဲက အဲလ်ကာယီးဒါး ပစ်မှတ် တွေကို တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

အဲဒီ စခန်းကနေ ပစ်လွှတ် လိုက်တဲ့ မောင်းသူမယ့် လေယာဉ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာ လတုန်းက အာရေဗျ ကျွန်းဆွယ် အယ်ကာယီးဒါး အဖွဲ့ အေကျူအေပီ ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အမေရိကန် မှာ မွေးတဲ့ ဘာသာရေး ဆရာလည်းဖြစ်တဲ့ အန်ဝါ အဲလ် အော်လာကီကို လုပ်ကြံ သတ်ဖြတ် ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလျှို့ဝှက် စခန်း ရှိနေတာကို အမေရိကန် မီဒီယာ တွေက အဲဒီထဲက သိကြပေမယ့် ထုတ်ဖော် ပြောကြား တာမျိုး မလုပ်ခဲ့ကြပါဘူး။

အခုလို ဒီစခန်း နဲ့ ပတ်သက်လို့ သတင်းတွေ ထွက်လာတာကြောင့် အာရေဗျ ကျွန်းဆွယ်က အယ်ကာယီးဒါး တွေအပေါ် စစ်ဆင် နေတာတွေကို ထိခိုက်နိုင်သလို အကြမ်းဖက်မှု တိုက်ဖျက်ရေး မှာ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ထိခိုက် လာနိုင်တယ်လို့ စိုးရိမ်နေကြတဲ့ အကြောင်း အမေရိကန် အစိုးရရဲ့ အကြီးတန်း အရာရှိ ကြီးတွေက ပြောပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ အတွင်းမှာ တပ်စွဲ ထားခဲ့ကြတဲ့ အမေရိကန် တပ်တွေကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထဲက ပြန်လည် ရုတ်သိမ်း သွားခဲ့ပြီး ဖြစ်ပါတယ်။ စစ်သင်တန်း တွေနဲ့ ပတ်သက်တဲ့ တပ်ဖွဲ့ဝင် တွေလောက်သာ ကျန်နေတော့ တာပါ။

အခုလည်း ဒီလေတပ် စခန်းနဲ့ ပတ်သက်လို့ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကိုတော့ အမေရိကန် ဘက်က သတင်းတွေမှာ ဖော်ပြ ထားတာမျိုး မရှိသလို ဆော်ဒီ အာရေဗျ အစိုးရ ဘက်ကလည်း ဘာမှ မှတ်ချက်ပေး ပြောကြား တာမျိုး မရှိသေးပါဘူး။

အမေရိကန် သတင်းစာကြီး တစောင်ဖြစ်တဲ့ နယူးယောက် တိုမ်းစ် သတင်းစာ ကြီးကတော့ ဒီစခန်းကို ပြီးခဲ့တဲ့ ၂၀၀၉ က အမေရိကန်ရဲ့ ယီမင်က ပစ်မှတ်တွေကို ခရုစ် ဒုံးကျည်နဲ့ တိုက်ခိုက် ခဲ့တဲ့ ဖြစ်ရပ် နောက်ပိုင်းမှာ တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၀၉ တိုက်ခိုက်မှုဟာ သမ္မတ အိုဘားမား အစိုးရ လက်ထက်မှာ ပထမဆုံး အကြိမ် ပြုလုပ် ခဲ့တာ ဖြစ်ပြီး အဲဒီမှာ မိန်းမနဲ့ ကလေးတွေ အပါအဝင် အရပ်သား တွေဒါဇင်နဲ့ ချီပြီး သေဆုံး ခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အေကျူအေပီလို အမေရိကန် ကို တိုက်ရိုက် ခြိမ်းခြောက် နေတဲ့ အဖွဲ့တွေရဲ့ ခေါင်းဆောင် ကို တိုက်ခိုက် ရှင်းလင်းပစ်ဖို့ စီအိုင်အေကို တာဝန်ပေးထား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ စီအိုင်အေရဲ့ ပထမဆုံး တိုက်ခိုက်မှုကတော့ ခုနက ပြောခဲ့တဲ့ အော်လာကီကို ရှင်းပစ် ခဲ့တာ ပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက အော်လာကီနဲ့ သူ့ရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူ အပါအဝင် တခြား အမေရိကန် နိုင်ငံသား ၃ ဦးပါ သေဆုံး ခဲ့ရပါတယ်။

စီအိုအေက ဒီလို တိုက်ခိုက်မှုတွေ လုပ်ဖို့ အစိုးရစီက ခွင့်ပြုချက် တောင်းစရာ မလိုဘူးလို့လည်း သိရပါတယ်။

မောင်းသူမဲ့ လေယာဉ်စခန်း ဆောက်လုပ်ဖို့ ကိစ္စအတွက် ဆော်ဒီ အစိုးရနဲ့ ညှိနှိုင်းမှု တွေမှာ အဓိက လှုပ်ရှားခဲ့သူကတော့ သမ္မတ အိုဘားမားရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အကြံပေး နဲ့ အရင် ဆော်ဒီက စီအိုင်အေ အကြီးအကဲဟောင်း ဂျွန် ဘရန်နန် ဖြစ်တယ်လို့ နောက်ထပ် အမေရိကန် သတင်းစာ တစောင် ဖြစ်တဲ့ ဝါရှင်တန် ပို့စ်မှာ ဖော်ပြထားပါတယ်။

တကယ်တော့ ဆော်ဒီ အာရေဗျ နိုင်ငံဟာ အစ္စလာမ် ဘာသာရဲ့ ဘာသာရေး ဆိုင်ရာ အထွဋ်အမြတ် ထားတဲ့ နေရာတွေ ရှိတဲ့ နိုင်ငံ ဖြစ်လို့ အခုလို အမေရိကန် တပ်ဖွဲ့တွေကို နေရာ ပေးထားတာဟာ သမိုင်း သစ္စာ ဖောက်မှုကြီး တရပ် ဖြစ်တယ် လို့ အရင် အယ်ကာယီးဒါး ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင် လိုမျိုး အစ္စလာမ်မစ် တွေက ရှုမြင် ကြပါတယ်။

ဆော်ဒီမှာ မွေးကြတဲ့ စစ်သွေးကြွ တွေအဖို့ အမေရိကန်နဲ့ သူ့မဟာမိတ် တွေကို ပစ်မှတ်ထား တိုက်ခိုက် နေကြတာတွေ အတွက် အဓိက အကြောင်း ပြချက် တရပ်လည်း ဖြစ်နေပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။