BBC navigation

သြစတြေးလျ အားကစားသမား အတော်များများ တားမြစ်ဆေး သုံးနေ

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 17:33 GMT

အားကစားသမားတွေ တားမြစ်ဆေး သုံးတဲ့ကိစ္စ အရေးယူဖို့ သြစတြေးလျ တရားရေး ဝန်ကြီးပြော

သြစတြေးလျ အားကစားသမားတွေ အကြား တားမြစ်ဆေး သုံးစွဲနေမှုတွေဟာ ထိတ်လန့်စရာ ကောင်းလောက်အောင် အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုတာကို အစီရင်ခံစာတခုမှာ ဖေါ်ပြထားတယ်လို့ အားကစားသမားတွေ တားမြစ်ဆေး သုံးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့ အေဂျင်စီအဖွဲ့ ရဲ့ ဥက္ကဌ John Fahey က ပြောပါတယ်။

သြစတြေးလျ ရာဇဝတ်မှု ကော်မရှင်အဖွဲ့က တနှစ်ကြာ လေ့လာ စစ်ဆေးခဲ့တဲ့ အဲဒီအစီရင်ခံစာအရ အဲဒီ တားမြစ်ဆေးတွေ သုံးမှုမှာ အားကစား နယ်ပယ်မျိုးစုံက အားကစားသမားတွေ ပါဝင် ပတ်သက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

အားကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုအားကို မြှင့်တင်ပေးတဲ့ အဲဒီတားမြစ်ဆေးတွေ လွယ်လွယ်ကူကူရအောင် အားကစားနယ်ပယ်တွင်းက သိပ္ပံရှင်တွေ၊ နည်းပြတွေ၊ ဆေးဝန်ထမ်းတွေ က ကူညီပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေက တားမြစ်ဆေးတချို့ကို ပံ့ပိုးပေးခဲ့ကြောင်း လေ့လာတွေ့ခဲ့ရတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ သြစတြေးလျ အားကစားလောကအတွက် စိတ်မကောင်းစရာ ဖြစ်ကြောင်း ဒါပေမယ့်လည်း အခုအခါ ပြဿနာကို စုံစမ်း ဖေါ်ထုတ်နိုင်ခဲ့ပြီမို့ ကိုင်တွယ် ဖြေရှင်းနိုင်ဘွယ် ရှိတယ်လို့ မစ္စတာ Fahey က ဘီဘီစီကိုပြောပါတယ်။

သြစတြေးလျ တရားရေး ဝန်ကြီး Jason Clare ကတော့ ဒီလေ့လာ တွေ့ရှိချက်တွေဟာ အတော်လေး ထိတ်လန့်စရာကောင်းလှပြီး သြစတြေးလျ အားကစား ဝါသနာအိုးတွေအတွက် အော့နှလုံးနာစရာ ကောင်းလိမ့်မယ်လို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။