BBC navigation

ကလေးငယ်တွေအပေါ် လိင်စော်ကားမှု အိန္ဒိယ အစိုးရ မတားဆီးနိုင်ခဲ့

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 18:01 GMT

အိန္ဒိယမှာ ကလေးငယ်တွေအပေါ် လိင်စော်ကားမှုတွေကို ဖုံးကွယ်ထားကြ

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို မတော် မတရား ပြုကျင့်မှုတွေ ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ နှစ်စဉ် ထောင်နဲ့ချီ ဖြစ်ပေါ်နေပြီး ဒီအပေါ် အာဏာပိုင်တွေ ဘက်က ကိုင်တွယ် ဖြေရှင်းမှုတွေဟာလည်း အားနည်း ပျက်ကွက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch အဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြတာကတော့ အိန္ဒိယနိုင်ငံမှာ ကလေး သူငယ်တွေအပေါ် မတော်မတရား လုပ်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေက တစ်နှစ်ကို အမှုပေါင်း၇ ထောင်ကျော် တောင်ရှိနေကြောင်း ၊ ဒါတောင် မှတ်တမ်း ဝင်သလောက်ပဲ ရှိသေးပြီး လူတွေ မသိလိုက်တဲ့ ဖြစ်ရပ်တွေ အတော်များမယ်လို့ ခန့်မှန်းရကြောင်း ဖေါ်ပြထားပါတယ်။

ကလေးတွေထဲမှာဆိုရင် လူမမယ် ကလေးငယ်တွေအထိ ပါဝင်ပြီး သူတို့ဟာ အိမ်တွေမှာရော၊ ကျောင်းတွေမှာ အပြင် အစိုးရ ကလေးစောင့်ရှောက်ရေး ဂေဟာ တွေမှာပါ မဖွယ်မရာ ပြုကျင့်မှုတွေက ဖြစ်ရိုးဖြစ်စဉ်လို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ရဲ့ တောင်အာရှ ဒါရိုက်တာ Meenakshi Ganguly က တချို့ ဖြစ်ရပ်တွေမှာဆိုရင် ရဲက သေသေချာချာ လေ့လာဖို့ ပျက်ကွက်တာ တွေ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံရတဲ့ ကလေးတွေက ရဲရဲဝင့်ဝင့် တိုင်တန်းလာတဲ့အခါမျိုးမှာ ရဲဝန်ထမ်းတွေအပြင် ၊ ဆေးဝန်ထမ်းတွေ ဘက်ကရော တခြား အာဏာပိုင်တွေဘက်ပါ ပယ်ချလိုက် တာမျိုး၊ မျက်ကွယ်ပြု လိုက်တာမျိုးတွေ လုပ်ကြတယ်လို့ ပြောပါတယ်။

အကာအကွယ် ပေးမှုပိုင်းနဲ့ အရေးယူမှုအပိုင်းတွေမှာ ပျက်ကွက်ရင် ဥပဒေတွေကလည်း ထိရောက်နိုင်မှာ မဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

နောက်ပြီး တချို့တွေက အဲဒီလို အခက်အခဲတွေ နဲ့ အသိုင်းအဝိုင်းအတွင်း အရှက်ရစရာတွေကြောင့် မတိုင်တန်းတော့တာတွေလည်း အများကြီး ရှိလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် တရားမျှတရေးကို လိုလားတဲ့ တိုင်တန်းတဲ့သူတွေကလည်း ဆက်ရှိ နေပါတယ်။

ဥပမာ အူတာ ပရာဒက်ရှ်ပြည်နယ်က မိန်းကလေးတချို့ မဖွယ်မရာ လုပ်ခံ ရတာနဲ့ပတ်သက်ပြီး မိန်းကလေးတွေထဲက တစ်ဦးရဲ့ အဖွားက ပြန်ပြောရာမှာတော့ မိန်းကလေးတချို့ကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးကို ခေါ်တယ်၊ အကျီချွတ်ခိုင်းတယ်၊ ပြီးရင် မဖွယ်မရာ ကိုင်တွယ်တယ်။ ကျောင်းအုပ်ဆရာကြီးက အာဏာနဲ့ လက်နက်ရှိသူမို့ ရွာသားတွေက မတိုင်ရဲကြပေမယ့် အဖွားဘက်ကတော့ မိန်းကလေးတွေ ကိုယ်ကိုယ်ကို လေးစား တန်းဖိုးထားနိုင်ဖို့ တရားမျှတရေးအတွက် ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ ပြောသွားပါတယ်။

အိန္ဒိယအစိုးရဘက်ကတော့ ဒီအစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ပြီး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ဒါပေမယ့် နယူးဒေလီက ဒုတိယ ရဲမင်းကြီးကတော့ ဒီကိစ္စတွေကို ပိုမိုတာဝန်ရှိရှိ ကိုင်တွယ်နိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်ပြီး အချိန်တော့ ယူရအုံးမယ်လို့ ပြောပါတယ်။

၂၀၀၇ ခုနှစ်က အိန္ဒိယ အစိုးရရဲ့ လေ့လာချက်တစ်ခုမှာတော့ ကလေးသူငယ် ၃ ယောက်မှာ ၂ ယောက်ဟာ အနည်းဆုံးတော့ ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခံရတယ်၊ အဲဒီထဲမှာ တဝက်လောက်က လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ် ခံရတယ်လို့ ဖော်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။