BBC navigation

တူနီးရှား က နိုင်ငံရေး တင်းမာမှုတွေ

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 01:33 GMT
တူနီးရှား

တူနစ် မြို့ က ဆန္ဒပြပွဲ မြင်ကွင်းတခု

တူနီးရှား နိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် တဦးဖြစ်တဲ့ ရှောက်ခရီ ဘယ်လာရိဒ် လုပ်ကြံ သတ်ဖြတ် ခံရခဲ့ပြီးတဲ့နောက် အတတ်ပညာရှင်တွေ ပါဝင်မယ့် အစိုးရ တရပ်ကို ဖွဲ့စည်းမယ်လို့ ဝန်ကြီးချုပ် ဟာမာဒီ ဂျက်ဘာလီ က ပြောပါတယ်။

ဘယ်နိုင်ငံရေး ပါတီနဲ့ မှ မပတ်သက်တဲ့ အတတ် ပညာရှင်တွေသာ ပါ၀င်မယ့် အမျိုးသား အစိုးရ တရပ်ဖွဲ့ပြီး လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ ကာလ အထိ အုပ်ချုပ်စေမယ်လို့ မစ္စတာ ဂျက်ဘာလီက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆို သွားပါတယ်။

အစ္စလာမ် ဝါဒီတွေ လွှမ်းမိုးတဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သူ မစ္စတာ ဘယ်လာရိဒ် အသတ်ခံရမှုကြောင့် နိုင်ငံတလွှားက မြို့တော်တော် များများ မှာ အကြမ်းဖက် ဆန္ဒပြမှုတွေ ပျံ့နှံ့ သွားခဲ့ပြီး ရဲ၀န်ထမ်း တယောက် သေဆုံးသွားတယ် လို့ အရာရှိတွေ က ဆိုပါတယ်။

အဲဒီ အတိုက်အခံနိုင်ငံရေးသမား ဘယ်လာရိဒ် ကို လုပ်ကြံတဲ့ နိုင်ငံရေး အရ သတ်ဖြတ်မှုဟာ တူနီးရှား တော်လှန်ရေး အပြီး ဒါ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာပါ။

သူဟာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေ ပညာရှင် တဦးလည်း ဖြစ်သလို အစ္စလာမ်မစ် အယူအဆ ကို ဆန့်ကျင် တဲ့ သူ တဦး အဖြစ် ထင်ရှားသူပါ။

အာရပ်နွေဦး တော်လှန်ရေး အပြောင်းအလဲတွေ စတင်ပေါက်ဖွားရာ တူနီးရှားနိုင်ငံ မှာ ဒီမိုကရေစီ စနစ်ဆီသို့ ကူးပြောင်းလာတာ ၂ နှစ် လောက်ရှိလာတဲ့ အခုလို အချိန်မှာ မငြိမ်သက် တာတွေ ဖြစ်နေတာပါ။

တူနီးရှား မှာ တော်လှန်ရေး ပြီးတဲ့နောက် အစ္စလာမ်မစ် ပါတီ က အာဏာရထားပြီး အတိုက်အခံ တွေ ဘက် ကတော့ မစ္စတာ ဘယ်လာရိဒ် ကို လုပ်ကြံတာ ဟာ လက်ရှိ အစိုးရ ပဲလို့ စွပ်စွဲ ထားပါတယ်။

မစ္စတာ ဘယ်လာရိဒ် ပါဝင်ခဲ့တဲ့ အတိုက်အခံ အဖွဲ့များ တပ်ပေါင်းစု The Popular Front က ကြာသပတေးနေ့မှာ သူလုပ်ကြံခံရတာ ကို ဆန့်ကျင် ကန့်ကွက်ဖို့ တနိုင်ငံလုံးမှာ သပိတ်မှောက် ဆန္ဒပြမယ် လို့ ပြောဆို ပြင်ဆင် နေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။