BBC navigation

တရုတ် နှစ်သစ်ကူးအမှီ လူသန်း၂၀၀ လောက် အိမ်ပြန်နေ

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 02:16 GMT

ဘေဂျင်းက နှစ်သစ်အမှီ ခရီးသွားတွေ

Lunar New Year လို့ ခေါ်တဲ့ တရုတ်နှစ်သစ်ကူးကို ကြိုဖို့ အာရှတလွှားမှာ သန်းနဲ့ချီတဲ့ လူတွေ ပြင်ဆင်နေကြပါတယ်။

တရုတ်နှစ်သစ်ဟာ မနက်ဖြန် ဆန်းသစ်စ လမင်းကြီးကို မြင်ရချိန်မှာ စတင်မှာ ဖြစ်ပါတယ်။

တရုတ်ပြက္ခဒိန်အရ အခုနှစ်ဟာ မြွေနှစ်ဖြစ်ပါတယ်။ မနှစ်ကတော့ နဂါးနှစ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ ခန့်မှန်းချေ လူ သန်း ၂၀၀ လောက်ဟာ နှစ်သစ်ကူးကာလကို မိသားစုနဲ့အတူ ပျော်ပျော်ရွင်ရွင် ဆင်နွဲနိုင်ဖို့ နေရပ်ကို ပြန်နေကြပါတယ်။

ဒါဟာ ကမ္ဘာမြေပေါ်မှာ လူသားအများဆုံး ခရီးသွားမှုကြီးတရပ်အဖြစ် ယူဆကြပါတယ်။

လူတွေ အုပ်လိုက်ကြီး မီးရထားတွေ လေယာဉ်ပျံတွေ ဘတ် ကားတွေနဲ့ ခရီးသွားလာနေကြရာမှာ အများအပြားဟာ မိုင်ထောင်နဲ့ချီ ဝေးတဲ့ နေရပ်ကို ပြန်ကြတာဖြစ်ပါတယ်။ တချို့က အိမ်ရောက်အောင် ရက်ပေါင်းအတော်ကြာကြာ ခရီးသွားကြရပါတယ်။

တရုတ်နိုင်ငံက နိုင်ငံတွင်း ရွေ့ပြောင်းအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေအဖို့ တနှစ်မှာ ဒီတကြိမ်သာ ခွင့်ရလေ့ရှိလို့ ရတဲ့ အချိန်မှာ နေရပ်ရင်းကို ပြန်ကြပြီး သူတို့နဲ့ အတူ မိသားစုအတွက် သူတို့ စုဆောင်းထားတဲ့ လုပ်ခငွေတွေကိုပါ ယူဆောင်လာကြတာဖြစ်ပါတယ်။

တရုတ်လူမျိုးတွေအဖို့ ဒီအချိန်မှာ အရေးကြီးဆုံးက မိသားစုနဲ့ အတူတူရှိနေဖို့ပါ၊ မိသားစုက ပထမဦးစားပေးပါလို့ ဘေဂျင်းမှာ လာအလုပ်လုပ်တဲ့ သက်လတ်ပိုင်း အလုပ်သမားတဦးက ပြောပါတယ်။ .

ဘယ်လောက်ပဲ အလုပ်များများ အိမ်ကိုရအောင်ပြန်တယ် ဒါကြောင့် အခုလို နှစ်သစ်ကူးကာလမှာ လူတွေအများကြီး ခရီးသွားကြတာလို့ သူကပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း လူသောင်းနဲ့ ချီ ခရီးသွားနေကြတယ်လို့ ဗီယက်နမ် မီဒီယာတွေမှာ ဖေါ်ပြကြပါတယ်။

တရုတ်နိုင်ငံနဲ့ အာရှဒေသတဝှမ်းက နိုင်ငံတွေက ဆိုင်တွေမှာ တရုတ် ထုံးစံအရ ကံကောင်းစေတယ်လို့ ယူဆကြတဲ့ အနီနဲ့ ရွှေရောင် မီးပုံးတွေ အလှတန်ဆာဆင်တဲ့ ပစ္စည်းတွေ ရောင်းချနေကြသလို ကောင်းသော နှစ်သစ် ဖြစ်ပါစေ ကျန်းမာ ချမ်းသာပါစေဆိုတဲ့ စာတန်းတွေလဲ ချိတ်ဆွဲထားကြပါတယ်။

ဗီယက်နမ်တို့ကတော့ နှစ်သစ်ကူးကို တက် လို့ ခေါ်ပါတယ်။ တက် ဟာ အလေးထားရတဲ့ အခါသမယဖြစ်လို့ အိမ်ကို လှလှပပပြင်ဆင် ကျင်းပရတယ်လို့ ဗီယက်နမ်လူမျိုး တဦးက ပြောပါတယ်။

အသက်ရှည်စေတယ် ကံကောင်းစေတယ်လို့ ယူဆကြတဲ့ ဓလေ့ရိုးရာအစားအသောက်တွေဟာလည်း အခုလို နှစ်သစ်ကူးကာလမှာ အခရာကျတဲ့ အရာတွေ ဖြစ်ပါတယ်။

ကိုးရီးယားတို့ကတော့ ဆန်ခေါက်ဆွဲပြုတ်ကို အခုအချိန်စားတာဟာ ကျန်းမာစေတယ် အသက်တနှစ်ပိုရှည်စေတယ် လာမယ့်နှစ် တနှစ်လုံး မကောင်းတဲ့ ဘေး မကောင်းတဲ့ ကံတွေကနေ မိသားစုကို ဖယ်ရှားပေးတယ်လို့ ယူဆကြပါတယ်။

နှစ်သစ်မှာ ထုံးစံအတိုင်း မီးရှူးမီပန်းတွေ ပစ်ဖေါက်လေ့ရှိကြပေမယ့် ဒီနှစ်တော့ ဘေဂျင်းမှာ လေထုညစ်လမ်းမှုနည်းအောင် အရင်ကထက် လျော့ဖေါက်ဖို့ အာဏာပိုင်တွေက ပြောထားတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။