BBC navigation

ဒေါက်တာဆိတ်ဖွား ကိစ္စကို စုံစမ်းမယ်

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 16:55 GMT
parliament_

လွှတ်တော်ကို ဝေဖန်ထားတဲ့ ကိစ္စကို လွှတ်တော်က စုံစမ်းမယ်

အင်တာနက် ပေါ်မှာ ဒေါက်တာ ဆိတ်ဖွား ဆိုသူ ရေးသားတဲ့ Above the Law ဆိုတဲ့ ရေးသား ချက်မှာ တရား ဥပဒေရဲ့ အထက် မှာ လွှတ်တော် အမတ်တွေ ရှိတယ် ဆိုတဲ့ ဝေဖန် ချက်နဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ စုံစမ်းရေး အဖွဲ့မှာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဖြစ်သူ ဦးမြငြိမ်းက ဥက္ကဌ အဖြစ် ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ယောက်နဲ့ ဖွဲ့စည်း ထား ပါတယ်။

ဒီတော့ အဲဒီ စုံစမ်းရေး အဖွဲ့က ဘာလုပ်ငန်း တွေကို လုပ်ဆောင်မှာ ပါလဲ လို့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို မေးကြည့်တော့ အခုလို ပြောပါတယ်။

အခု စုံစမ်းရေး ကော်မရှင်က ဥပဒေပြု အဖွဲ့အစည်း အနေနဲ့ ဘယ်လောက် ထိခိုက် နစ်နာ သလဲ ဆိုတာကို ပြန်ဆန်းစစ်ဖို့၊ ပြည်သူတွေကို အဖြစ်မှန်ကို ချပြဖို့နဲ့ ဒေါက်တာ ဆိတ်ဖွား ဆိုသူကို ဖော်ထုတ် အရေးယူဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အင်တာနက်ပေါ်မှာ ရေးတာကို အခုလို ကော်မရှင် ဖွဲ့စစ်ဆေး နေစရာ မလိုဘူးလို့ အပြင်မှာ ပြောနေကြတာကိုတော့ လူတိုင်းမှာ လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိပေမယ့် ဥပဒေမဲ့ မဟုတ်ဘဲ စည်းနဲ့ ဘောင်နဲ့ ရေးဖို့ လိုကြောင်းနဲ့ ထိခိုက် နစ်နာအောင် ရေးလာရင် ရေးလာသူမှာ တာဝန်ရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။

တချို့ အမတ်တွေက ဒေါက်တာ ဆိတ်ဖွား ဘယ်သူလဲ ဆိုတာကို သိပြီး ထုတ်မပြော တာသာ ရှိတယ် လို့ ဆိုကြတဲ့ အတွက် ဘာလို့ သိပြီးသား လူအတွက် ကော်မရှင် ဖွဲ့လို့ စုံစမ်း နေရ သလဲ ဆိုတာ ကိုတော့ အခုလို စုံစမ်းရေး ကော်မရှင် နဲ့ စုံစမ်း စစ်ဆေးဖို့ လုပ်ရတာ ကလည်း ဥပဒေပြု အဖွဲ့ အစည်းတွေ ဖြစ်လို့ ဥပဒေ ဘောင် ဝင်အောင် လုပ်တာ ဖြစ်ကြောင်းနဲ့ ဒေါက်တာ ဆိတ်ဖွားကို ရှာဖွေ ဖော်ထုတ်ဖို့ အစိုးရ အဖွဲ့အစည်း တွေက လူတွေကို တာဝန် ပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

လူတိုင်းမှာ လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိပေမယ့် ဥပဒေပြု အဖွဲ့အစည်းကို ဥပဒေမဲ့ လုပ်ရပ် လုပ်တာကတော့ အတော် အခြေအနေ ဆိုးကြောင်း၊ အမတ်တွေ လွှတ်တော် ထဲမှာ ဆွေးနွေး ကြရင်တောင် ဥပဒေ ဘောင်အတွင်း ကသာ ဆွေးနွေး ကြတဲ့ အကြောင်းနဲ့ အခုလို ပြောလာ တာကို ဆဲတာထက် ပိုနာတဲ့ အကြောင်းပြော ပါတယ်။

အခု ဖွဲ့လိုက်တဲ့ ကော်မရှင်ကလည်း ပြည်ထောင်စု လွှတ်တော်ရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ကြောင်း၊ အမတ်တွေက အကြံပြုချက် တွေပေးမှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မှသာ အတည် ဖြစ်မှာ ဖြစ်ကြောင်းနဲ့ တွေ့ရှိချက် တွေနဲ့ ပတ်သက်လို့ ကတော့ သက်ဆိုင်ရာ အစိုးရ ဌာန အဖွဲ့အစည်း တွေကို မေးမြန်း တာဝန်ပေးပြီးမှ သူတို့ရဲ့ တုန့်ပြန်ချက် တွေပေါ်မှာ မူတည်နေတာ ဖြစ်လို့ အချိန် အတိအကျ မသတ်မှတ် ရသေးကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။