BBC navigation

အစိုးရထွက်ဖို့ အသုဘမှာ ပြည်သူတွေ တောင်းဆို

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 15:36 GMT

တူနီးရှားအတိုက်အခံ ခေါင်းဆောင်ရဲ့ အသုဘမှာ အစိုးရကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တူနီးရှားနိုင်ငံမှာ လုပ်ကြံခံခဲ့ရသူ အတိုက်အခံ ခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးသမားတွေ အပါအဝင် သိန်းသောင်းချီတဲ့ သူတွေက အစိုးရနုတ်ထွက်ပေးဖို့ ဟစ်ကြွေး တောင်းဆို ခဲ့ကြပါတယ်။

တူးနစ်စ်၊ Sfax နဲ့ တခြားမြို့တွေမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို ခန့်မှန်း ပြောဖို့ အတော်ခက်ပါတယ်။ မနေ့ကပဲ မြို့အတော်များများမှာ လုယက် တိုက်ခိုက်မှုတွေ ဆူပူ အုံကြွမှုတွေ ဖြစ်ခဲ့ကြပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ Ennahda အစိုးရပါတီ ရုံးဌာန အများအပြား တိုက်ခိုက်ခံခဲ့ရတယ်လို့ တူနီးရှား သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

တူနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုတွေ သဘောထား ကွဲလွဲမှုတွေ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးခန်းတိုင်သွားပြီလို့ တူနီးရှား ပြည်သူတွေက ယူဆထားခဲ့ရာမှာ အခုတကြိမ်မှာလည်း အလားတူ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးတွေ၊ အဓိကရုဏ်း ရဲတွေနဲ့ ရင်ဆိုင် တိုက်ခိုက်တာတွေ တကျော့ပြန် ဖြစ်ပွားလာခဲ့ပါတယ်။

၂၀၁၁ခုနှစ် January လတုန်းက ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကနေ တူနီးရှားနိုင်ငံမှာ အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်တော့မယ်လို့ ယူဆနေကြတဲ့ သဘောထား လွတ်လပ်သူတွေနဲ့ နိုင်ငံကို ရှေးရိုးစွဲ နည်းလမ်းအတိုင်း ဆက်လျှောက်သွားဖို့ မျှော်မှန်းထားကြတဲ့ အစ္စလာမစ် ဝါဒီတွေအကြား သဘောထား ကွဲလွဲနေမှုက အတော်လေးကို ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ ဖြစ်ပါတယ်။

Belaid လုပ်ကြံခံခဲ့ရမှုဟာ အစ္စလာမစ်ဝါဒီ Ennahda ပါတီဦးဆောင်တဲ့ အစိုးရ အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုနေတာပါ။ အစိုး အဖွဲ့ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထား ပါတယ်။

ဒါပေမဲ့ မကြာသေးခင် လပိုင်းတွေအတွင်းမှာ Ennahda ပါတီ အစိုးရက အစွန်းရောက် ရှေးရိုးစွဲ မွတ်ဆလင် အုပ်စုတွေကို သူတို့ သဘောထားအမြင်တွေ အဆိုပြု ပြဌာန်းခွင့်တွေ ပြုခဲ့တယ်လို့ လေ့လာ ဝေဖန်သူတွေက ပြောနေကြပါတယ်။

အစောပိုင်းတုန်းကလည်း မစ္စတာ Belaid ရဲ့ Popular Front ပါတီအပါဝင် အတိုက်အခံ ပါတီ ၄ပါတီက သပိတ်မှောက်တဲ့ အနေနဲ့ တူနီးရှား နိုင်ငံရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေ နုတ်ထွက်မယ်လို့ ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

Belaid ဟာ အများ ကြည်ညိုလေးစားတဲ့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ ရှေ့နေတဦး ဖြစ် သလို နိုင်ငံကို ကာလတာရှည် အုပ်ချုပ်ခဲ့တဲ့ Zine el Abidine Ben Ali ဇီးန် အယ်လ် အက်ဘီဒီးန် ဘဲန် အာလီ ရာထူးကနှုတ်ထွက်ပေးခဲ့အပြီး အသစ်တက်လာတဲ့ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ပြောဆိုနေတဲ့ လက်ဝဲဝါဒီအတိုက်အခံ တဦးဖြစ်ပါတယ်။

အခုလို သူလုပ်ကြံခံလိုက်ရတာဟာ ရဲရဲရင့်ရင့်နဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ဝေဖန်မှု အပြုဆုံး သူတွေထဲက တဦးကို လက်လွှတ် ဆုံးရှုံးလိုက်ရတာပဲလို့ ပြင်သစ် သမ္မတ Francois Hollande က ပြောပါတယ်။

လက်ရှိ သမ္မတ Moncef Marzouki ကတော့ တူနီးရှားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကိုင်တယ် ဖြေရှင်းဖို့အတွက် သူ့ရဲ့ ပြင်သစ်ခရီးစဉ်ကို အတိုချုံးလိုက်သလို အီဂျစ်နိုင်ငံ ခရီးစဉ်ကိုလည်း ဆိုင်းငံ့လိုက်ပြီး တူနီးရှားနိုင်ငံဆီ အချိန်စောပြန်လာခဲ့ပါတယ်။

Belaid လုပ်ကြံခံခဲ့ရမှုကြောင့် တူနီးရှားနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ခတ်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဒါပေမဲ့ တင်းမာမှုတွေ ရှိနေတဲ့ တူနီးရှားနိုင်ငံမှာတော့ လာမယ့်ရက်တွေမှာလည်း နောက်ထပ် ဆန္ဒပြမှုတွေ ထပ်ဖြစ်ပွားလာအုံးမယ်လို့ ယူဆရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။