BBC navigation

တရုတ်နဲ့ ဂျပန် အပြန်အလှန် စွပ်စွဲ

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 18:08 GMT

ဂျပန် သင်္ဘောနဲ့ လေယာဉ်ကို ရေဒါနဲ့ အသေ ချိန်ထား တယ်ဆိုပြီး ဂျပန်တို့က လုပ်ကြံစွပ်စွဲ တာလို့ တရုတ် ဘက်ကပြော

ဂျပန်ရေတပ် သင်္ဘောနဲ့ ရဟတ်ယာဉ် တစင်းကို ပြီးခဲ့တဲ့ လက တရုတ် စစ်သင်္ဘော တွေက ရေဒါထိန်း စနစ်နဲ့ ပစ်မှတ်ထား ချိန်ရွယ် ခဲ့တယ် ဆိုတာကို သက်သေ ပြတဲ့ အချက် အလက်တွေ ထုတ်ပြန်ဖို့ ဂျပန် အစိုးရက စဉ်းစားနေပါတယ်။

တရုတ်တို့ ကတော့ ဒီစွပ်စွဲချက် တွေကို ဒေါသ တကြီး ငြင်းဆို လိုက်ပြီး မဟုတ် မမှန် လုပ်ကြံဝါဒ ဖြန့်နေ တယ်လို့ စွပ်စွဲလိုက် ပါတယ်။

အရှေ့အာရှ ရေးရာ ဘီဘီစီ သတင်းထောက် Christopher Hughes ကတော့ အခု ဖြစ်နေတဲ့ အခြေ အနေ တွေဟာ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး နောက်ပိုင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေး အဆိုးဝါးဆုံး အခြေ အနေလို့ ဆိုနိုင်ပြီး စစ်ဖြစ်လာ နိုင်တဲ့ အန္တရာယ် မျိုးတောင် ဖြစ်နိုင် တယ်လို့ သုံးသပ် ပါတယ်။

အရင်က အခါအား လျော်စွာ ဆိုသလို နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေ တင်းမာ မှုတွေ ရှိခဲ့ ပေမယ့် သဘောတူမှု မရရင်တောင် တနည်းနည်း နဲ့တော့ ပြေလည် အောင် ညှိနိုင်ခဲ့ ကြပြီး စစ်မက် ဖြစ်ပွားမယ့် အဆင့်ထိ မရောက်ခဲ့ ကြပါဘူး။

တင်းမာမှုတွေ လျော့သွားအောင် လုပ်ဖို့ နည်းတွေ ရှိနေပေမယ့် နှစ်ဘက်စလုံး အနေနဲ့ ပြဿနာ ပြေလည်အောင် ဖြေရှင်းရေးကို တကယ်တမ်း အဓိကထား လုပ်ဆောင်ဖို့ ပျက်ကွက် နေတာ တွေ့ရပါတယ်။

တချိန်တည်း မှာပဲ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ စလုံးရဲ့ အစိုးရတွေ အနေနဲ့ လူထု အသိ အမှတ်ပြု လက်ခံတဲ့ အစိုးရတွေ ဖြစ်ဖို့ အသည်း အသန် ကြိုးပမ်း နေရချိန် မျိုးမှာ ဒီကိစ္စကို အမျိုးသားရေး ဝါဒီ ကိစ္စ ပြဿနာ အဖြစ် တဖက်လှည့်နဲ့ ပြောင်းဖို့ ကြိုးစား နေကြတယ်လို့ ယူဆရ ပါတယ်။

တရုတ် နိုင်ငံကို ကြည့်မယ် ဆိုရင် ပါတီ ပေါင်းစုံစနစ် ကျင့်သုံးဖို့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင် နေရချိန်မှာ တပါတီ စနစ်ကိုပဲ ဆက်ထားဖို့ ကြိုးပမ်း နေတဲ့ တရုတ် ကွန်မြူနစ် ပါတီ အနေနဲ့ လူထုရဲ့ လက်ခံမှု ရဖို့ လိုနေ သလို ဒီမိုကရေစီ နိုင်ငံ တခု ဖြစ်တဲ့ ဂျပန် နိုင်ငံမှာ ဆိုရင်တော့ ဒီလို ပြဿနာမျိုး မရှိပေမယ့် ကြေးရေတတ် အစိုးရ အဖွဲ့ အနေနဲ့ လူထုရဲ့ လက်ခံမှုနဲ့ လုပ်ပိုင်မှု အခွင့် အာဏာတွေ ချွတ်ခြုံကျ လျော့ပါး နေပြီး စီးပွားရေး အနေ အထား ကလည်း အခက်ကြုံ နေရတဲ့ အချိန် ဖြစ်ပါတယ်။

ဒီတော့ ခေါင်းဆောင် ပိုင်းတွေ အနေနဲ့ နှစ်နိုင်ငံ အကြား ဖြစ်နေတဲ့ လက်ရှိ တင်းမာမှု ပြဿနာတွေကို အမျိုးသားရေး ဝါဒီ ပြဿနာ အဖြစ် ပြောင်းဖို့ ကြိုးစား နေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် လက်ရှိ ဖြစ်နေတဲ့ ပြဿနာဟာ ပြည်တွင်းရော ပြည်ပ အတွက်ပါ အတော်လေး အန္တရာယ် များတဲ့ ကိစ္စရပ် ဖြစ်နေပါတယ်။

ဒါ့ကြောင့် နှစ်ဘက် စလုံး အနေနဲ့ တင်းမာမှုတွေကို လျော့ကျ နိုင်သမျှ လျော့ကျအောင် လုပ်ဖို့နဲ့ နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်မယ့် ကိစ္စရပ် မျိုးတွေကို အဓိက အာရုံထား ဆောင်ရွက် ကြဖို့ ကိုသာ အကောင်းဆုံး မျှော်လင့် နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် သံတမန်ရေး အရ ကြည့်မယ် ဆိုရင် တဘက်နဲ့ တဘက် ရန်စတဲ့ ကြေညာချက်တွေ မထုတ်ပြန်ဖို့ လိုသလို ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းတွေ အနေနဲ့လည်း တကြိမ်ကြိမ် မှာတော့ အပြန် အလှန် ထိတွေ့ ဆက်ဆံမှု တချို့ လုပ်ဖို့ လိုပါလိမ့်မယ်။

တခု ရှိတာက ဂျပန်ဘက်ကို ကြည့်မယ် ဆိုရင် သူတို့ရဲ့ အချုပ်အခြာ အာဏာ ပိုင်မှုကို လိုက်လျော ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက် မရှိပဲ တင်းတင်း မာမာ ပြောနေ ပေမယ့် ဒီပြဿနာနဲ့ ပတ်သက်လို့ နောက်ထပ် ပိုကြီးထွား လာမှာကို လုံးဝ မလိုလားတဲ့ အတွက် တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ မသိ မသာ ကြိုးပမ်းမယ့် အခြေ အနေမျိုး ရှိနေ ပါတယ်။

အဲ တရုတ်တို့ဘက်က အလားတူ တုန့်ပြန်ဖို့ အဆင့်သင့် ဖြစ်ပြီလား ဆိုတာကတော့ ပြောဖို့ ခက်လှပြီး လောလောဆယ်မှာ အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ ဂျပန်တို့ရဲ့ လှုပ်ရှားမှုတွေ အပေါ် ဆက်ဖိအားပေး ဖို့ ကြိုးစားသွားမှာကတော့ သေချာတယ်လို့ အရှေ့အာရှ ရေးရာ ဘီဘီစီ သတင်းထောက် Christopher Hughes က သုံးသပ်ထားပါတယ်ရှင်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။