BBC navigation

၂ဝ၁၂ သတင်းလွတ်လပ်ခွင့် စိုးရိမ်စရာရှိခဲ့

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 01:32 GMT
cpj

၂၀၁၂ သတင်းလွတ်လပ်ခွင့် အတွက် ဝမ်းနည်းစရာနှစ် ဖြစ်

ပြီးခဲ့တဲ့ နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ သေဆုံးခဲ့တဲ့ ၊ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားအရေအတွက်ဟာ မမျှော်လင့် ထားလောက်အောင် များပြားခဲ့တယ်လို့ CPJ လို့ ခေါ်တဲ့ သတင်းသမားတွေကို အကာကွယ် ပေးရေး ကော်မီတီက ဖေါ်ပြလိုက် ပါတယ်။

အဲဒီကော်မီတီက ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ သတင်း လွတ်လပ်ခွင့် အခြေအနေတွေ ယိုယွင်းနေတယ်လို့ သတိပေးဖေါ်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ နှစ်အတွင်း သတင်းသမား ၂၃၂ ဦး အကျဉ်းကျ ခံခဲ့ရပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ စီပီဂျေက အထောက်အထားတွေ စတင် စုဆောင်းခဲ့ချိန် နောက်ပိုင်း စံချိန်တင်ရ လောက်တဲ့ အရေအတွက် ဖြစ်ပါတယ်။

မနှစ်က တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တဲ့ သတင်းသမား ၇ဝ ရှိပါတယ်။ ၂ဝ၁၁ ခုနှစ်နဲ့ ယှဉ်ရင် ၄၃ ရာခိုင်နှုန်း ပိုများလာခဲ့တာပါ။ ဒီအရေအတွက် ထဲမှာ ပျောက်ဆုံး နေဆဲ သတင်းထောက် ၃၅ ယောက်ကျော် မပါသေးပါဘူး။

အများအပြားဟာ ဆီးရီးယားတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အသတ်ခံရသူ အများစုဟာ ဒေသခံ သတင်းထောက်တွေ ဖြစ်ပြီး သူတို့ ဟာ သြဇာအာဏာကြီးမားသူတွေရဲ့ ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုဆိုင်ရာ သတင်း တွေကို ပေးပို့ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီလိုသတင်းသမားတွေ အသတ်ခံရပြီး ဒီအတွက် ဘာမှ အရေးယူဆောင်ရွက်ခြင်း မရှိတာဟာ စုံစမ်းလေ့လာ ပြီး သတင်းဖော်ထုတ် နေကြတဲ့ သတင်းထောက်တွေ အတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေတာကို ပြသနေတယ်လို့ စီပီဂျေရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ရောဘတ် မဟွန်နီက ပြောပါတယ်။

အရေးယူအပြစ်ပေး မခံရဘဲ ကင်းလွတ်နေမှုတွေကို တိုက်ဖျက်ရေး လူထု ပညာပေးမှု တွေ တိုးမြှင့် ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို သူက တိုက်တွန်းလိုက် ပါတယ်။

အခုနှစ် အစီရင်ခံစာထဲမှာ သတင်းလွတ်လပ်ခွင့် အနည်းဆုံး နဲ့ အန္တရာယ်ရှိနိုင်တဲ့ ၁ဝ နိုင်ငံကို ဖေါ်ပြရာမှာ သတ်ဖြတ်မှု အများဆုံးဖြစ်တဲ့ ပါကစ္စတန် ဆိုမာလီယား ဘရာဇီးနိုင်ငံ ၊ အစိုးရဆန့်ကျင်သူတွေကို တင်းကြပ်တဲ့ဥပဒေတွေနဲ့ လွတ်လပ်စွာ ဖေါ်ပြ ပြောဆိုခွင့်ကို ပိတ်ထားတဲ့ ရုရှနဲ့ အီကွေဒေါ နိုင်ငံ ၊ သတင်းသမား အများ အပြား ကို အကျဉ်းချထားတဲ့ ဗီယက်နမ် အီသီယိုပီးယား တူရကီ အီရန်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် အတွက် ဝမ်းနည်းစရာနှစ် ဖြစ်တယ်လို့ စီပီဂျေရဲ့ ဒုတိယညွှန်ကြားရေးမှူး မစ္စတာ မဟွန်နီက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။