BBC navigation

ပစ္စတိုးရီးယပ်စ်ကို လူသတ်မှုနဲ့စွဲဆို

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 22:57 GMT
Pistorius

တောင်အာဖရိက ဂုဏ်ဆောင် ကစားသမား ပစ္စတိုးရီးယပ်စ်

တောင်အာဖရိကက ကမ္ဘာကျော် မသန်စွမ်း အပြေးသမား အော်စကာ ပစ္စတိုးရီးယပ်စ်ဟာ သူ့အိမ်မှာ သူ့ရည်းစား သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ အမှုအတွက် လူသတ်မှုနဲ့ ရင်ဆိုင် နေရပါတယ်။

မစ္စတာ ပစ္စတိုးရီးယပ်စ်ကို သောကြာနေ့ မနက် ၉ နာရီမှာ ပရီတိုးရီးယား မြို့တော် သမာဓိ မြို့ဝန်ရုံးမှာ ရုံးထုတ်ဖို့ ရှိပါတယ်။

မှုခင်း ဆေးစစ်ချက်တွေ ယူနေရလို့ ကြာသပတေးနေ့က ရုံးမထုတ်နိုင်ခဲ့ပါဘူး။

ပစ္စတိုးရီးယပ်စ်ရဲ့ ချစ်သူ တောင်အာဖရိကက နာမည်ကြီး မော်ဒယ် Reeva Steenkamp ဟာ ခေါင်းနဲ့ ပုခုံးမှာ သေနတ် ဒဏ်ရာ ၄ ချက်နဲ့ မနက် လင်းအားကြီးမှာ သေဆုံးခဲ့ပါတယ်။

ရဲက ၉ မမ ပစ္စတို တလက်ကို အခင်း ဖြစ်ပွားရာ နေရာက သိမ်းဆည်းနိုင်ခဲ့ ပါတယ်။

အော်စကာ ပစ္စတိုးရီးယပ်စ်ကို ရဲက ဖမ်းဆီး ထားလိုက်ပြီ ဖြစ်ပါတယ်။

အော်စကာ ပစ္စတိုးရီးယပ်စ်ကို မေးမြန်း စစ်ဆေးပြီးနောက် ဆေးရုံမှာ သွေးစစ်ချက် ယူခဲ့ပါတယ် ။

ပစ္စတိုးရီးယပ်စ်ဟာ ကမ္ဘာ့ ပါရာလင်းပစ် ပြိုင်ပွဲ ချန်ပီယံဆုတွေ အကြိမ်ကြိမ်ရ ခဲ့ပြီး အိုလံပစ် ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရဖို့ထိ ရင်ဆိုင် အရေးယူဆိုခဲ့တဲ့ အားကစား သမား ဖြစ်ပြီး မနှစ်က တိုင်းမ်စ် မဂ္ဂဇင်းရဲ့ ကမ္ဘာ့ သြဇာအကြီးဆုံး လူ တရာ စာရင်းထဲမှာ ပါသူ တယောက် ဖြစ်ပါတယ်။

သူ့ရဲ့ လေ့ကျင့်ရေး ဆရာဟောင်း Andrea Giannini က ပစ္စတိုးရီးယပ်စ်ကို အေးဆေး တည်ငြိမ်သူ၊ သဘောကောင်းလွန်းသူ အဖြစ် သူ့တပည့်ဘက်က ကာကွယ် ပြောကြား ခဲ့ပါတယ်။

ဒါပေမဲ့ မေးမြန်းခန်း တချို့မှာ ပစ္စတိုးရီးယပ်စ်က ပစ္စတို သေနတ်နဲ့ ပစ်မှတ်ကို ထိအောင်ပစ်ရတဲ့ ပျော်ရွှင်မှု အကြောင်း ပြောခဲ့ဖူးပြီး သူပါဝင် ရိုက်ကူးတဲ့ Nike အားကစား ပစ္စည်း ကြော်ငြာမှာလဲ သူ့ကိုယ်သူ ကျည်ဆံတောင့် သဖွယ် တင်စား ခဲ့ပါတယ်။

သူတို့ စုံတွဲဟာ နိုဝင်ဘာ လကမှ စတွဲခဲ့ကြတာ ဖြစ်ပြီး တွစ်တာ လူမှုကွန်ယက်မှာ အချင်းချင်း အပြန်အလှယ် ချစ်စကားတွေ ဖလှယ်လေ့ ရှိကြသူတွေပါ။

ပွဲလမ်းသဘင်တွေမှာလဲ သူတို့ကို လည်ချင်းယှက် တွေ့လေ့ရှိတာမို့ သူတို့ အချစ်ဇာတ်လမ်းကို သာယာ ဖြောင့်ဖြူးတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။

မစ္စ Steenkamp ရဲ့ နောက်ဆုံး တွစ်တာ သတင်းစကား မှာကိုပဲ ချစ်သူများနေ့ အတွက် သူ ဘယ်လောက် စိတ်လှုပ်ရှားနေလဲ ဆိုတာ ရေးသွားခဲ့ပါတယ်။

ပစ္စတိုးရီးယပ်စ်ရဲ့ ဖခင် ကတော့ သားနဲ့ သေဆုံးသူ မိန်းကလေးရဲ့ မိဘတွေ အတွက် ကြံ့ကြံ့ခံနိုင်ဖို့ သူတို့ မိသားစုက ဆုတောင်း ပေးနေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။