BBC navigation

မသန်စွမ်း အိုလံပစ်ရွှေဆုရှင် လူသတ်မှုနဲ့ ဖမ်းခံရ

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 18:28 GMT
Pistorius

ပစ်စတိုးရီးယပ်စ်နဲ့ သူ့ချစ်သူ

တောင်အာဖရိကက ကမ္ဘာကျော် မသန်စွမ်း အားကစားသမား အော်စကာ ပစ်စ်တိုးရီးယပ်စ်ရဲ့ အိမ်မှာ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးတဲ့အတွက် ဒီသတင်းအပေါ် ကမ္ဘာတဝန်းမှာ အံ့သား သင့်ခဲ့ကြပါတယ်။

တောင်အာဖရိက မြို့တော် ဂျိုဟန်နက်စဘတ်ရဲ့ လူကုန်ထံ ရပ်ကွက် ပရီတိုးရီးယားက အိမ်ကြီးတလုံး ထဲမှာ ဖေဖေါ်ဝါရီ ၁၄ရက် မနက် ၄ နာရီ ကျော်လောက်က သေနတ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရဲ ရောက်လာတဲ့အချိန်မှာတော့ သေနတ်ဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦးကို ဆေးဝန်ထမ်းတွေက အသက်ကယ်နိုင်ဖို့ အရေးပေါ် ကုသပေးနေတာ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ ခေါင်းနဲ့ ပခုံးတွေမှာ သေနတ် ဒဏ်ရာတွေနဲ့ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။ ရဲက ပစ္စတို တလက်ကိုလည်း အဲဒီနေရာမှာ သိမ်းဆည်းနိုင်ခဲ့ ပါတယ်။ အဲဒီအိမ်ကြီးကတော့ ကမ္ဘာကျော် မသန်စွမ်း အပြေးသမား အော်စကာ ပစ်စ်တိုးရီးယပ်စ်ရဲ့ အိမ်ပါ။ သေဆုံးသူ အမျိုးသမီးဟာ ပစ်စတိုးရီးယပ်စ်ရဲ့ ချစ်သူဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံဂုဏ်ဆောင်

အသက် ၂၆ နှစ်အရွယ် ပစ်စ်တိုးရီးယပ်စ်ဟာ ခြေထောက် နှစ်ဘက် စလုံးမှာ ဒူးအောက်ပိုင်း မရှိတဲ့ သူ ဖြစ်ပေမယ့် ခြေအတုနဲ့ အပြေးပြိုင်ရာမှာ ထူးချွန်တဲ့သူ ဖြစ်ပြီး အခုနောက်ဆုံး လန်ဒန် မသန်စွမ်းသူများ အိုလံပစ်မှာ ရွှေတံဆိပ် ၂ ခုအပါအဝင် ဆုတွေ တသီကြီးနဲ့ ကမ္ဘာ့စံချိန် ချိုးထားသူပါ။ ဒါကြောင့် တောင်အာဖရိကရဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တစ်ဦး ဖြစ်သလို ကမ္ဘာတဝန်း မသန်စွမ်း အားကစားလောက မှာလည်း လေးစား ဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။

အခု သေဆုံးခဲ့သူ အမျိုးသမီးကလည်း တောင်အာဖရိကက နာမည်ကြီး မော်ဒယ် အသက် ၃၀ အရွယ် Reeva Steenkamp ဖြစ်ပါတယ်။ မစ္စ Steenkamp သေဆုံးတာကို သူ့ရဲ့ မန်နေဂျာက အတည်ပြု ပြောခဲ့ပြီး သူဟာ အလွန်ချောမော လှပပြီး ကြင်နာတတ်တဲ့သူ တစ်ဦး ဖြစ်တယ်၊ ဒါကြောင့် သူ့ကို သိတဲ့သူတိုင်းက ဒီသတင်းကြောင့် မျက်ရည်ကျရတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုတွေ ဘယ်လို ဖြစ်ပျက်ခဲ့တယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရဲကတော့ မစ္စတာ ပစ်စ်တိုးရီးယပ်စ်ကို ဖမ်းဆီးထားလိုက်ပါပြီ။

အရင်ကလည်း အကြမ်းဖက်မှုတွေရှိခဲ့ဖူး

Pistorius

ပစ်စတိုးရီးယပ်စ်ကို ရဲတွေက နေအိမ်က ခေါ်ထုတ်လာ

တောင်အာဖရိက သတင်းစာတွေမှာတော့ မစ္စတာ ပစ်စ်တိုးရီးယပ်စ်က သူ့အိမ်ထဲဝင်လာတဲ့ ဖောက်ထွင်းရေးသမားနဲ့ လူမှားပြီး ပစ်ခတ်ခဲ့ပုံ ရတယ်လို့ အစောပိုင်းက ရေးသားမှုတွေလည်း ရှိပါတယ်။ တကယ်တော့ ဒီအိမ်ကြီးဟာ လုံခြုံရေး စနစ်တွေလည်း အထူးကောင်းမွန်တဲ့ အိမ်ကြီး ဖြစ်ပါတယ်။ ရဲကတော့ သတင်းစာတွေမှာ မှားယွင်း ပစ်ခတ်တယ်ဆိုတဲ့ ရေးသားမှုတွေ အပေါ် အံ့အားသင့်တဲ့ အကြောင်း ပြောပါတယ်။ ဒီအိမ်လိပ်စာမှာ အရင်ကလည်း အကြမ်းဖက်မှုတွေ ရှိခဲ့တာကိုလည်း ရဲက စုံစမ်းစစ်ဆေး နေတယ်လို့ ပြောပါတယ်။

တောင်အာဖရိကဟာ ကမ္ဘာမှာ ရာဇဝတ်အထူပြောဆုံး နိုင်ငံတွေထဲက တခု ဖြစ်သလို လူတွေကလည်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် အစိုးရရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းအဆင့်ဆင့် အောက်မှာ သေနတ် ကိုင်ဆောင်ကြလေ့ရှိပါတယ်။

အခုအခါ မစ္စတာ အော်စကာ ပစ်စ်တိုးရီးယပ်စ်အိမ်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆေးစစ်ချက်တွေ၊ စုံစမ်း စစ်ဆေး မှုတွေ လုပ်နေတယ်လို့ ရဲက ပြောပြီး မစ္စတာ ပစ်စ်တိုးရီးယပ်စ် ကိုတော့ ရုံးတင်တရားစွဲဖို့ ရှိတယ် လို့လည်း သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။