BBC navigation

G20 မှာ အခွန်ရှောင် ကိစ္စ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 16:18 GMT

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီတို့ မှာ လာရောက် လုပ်ကိုင်တဲ့ ကုမ္ပဏီတွေဟာ အခွန် အနည်းဆုံး သာ ပေးရအောင် ဆောင်ရွက်

မော်စကိုမှာ ကျင်းပ နေတဲ့ G20 ညီလာခံမှာ ဗြိတိန် ၊ ပြင်သစ် နဲ့ ဂျာမဏီ နိုင်ငံ တို့ က နိုင်ငံ တကာ သဘောတူ အခွန် အကောက် စည်းမျဉ်း ချမှတ် ဖို့ တိုက်တွန်း နေပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီ တို့ မှာ လာရောက် လုပ်ကိုင်ကြတဲ့ နိုင်ငံ တကာ ကုမ္ပဏီ တွေ ဟာ လုပ်ငန်းက ရရှိ လာတဲ့ အမြတ် အစွန်းကို အခွန် အပေးရ အနည်းဆုံး နိုင်ငံမှာ ရှိတဲ့ သူတို့ ကုမ္ပဏီ ဘက်ကို လွှဲပြီး အဲဒီ နိုင်ငံ က အခွန် စည်းမျဉ်း အတိုင်း ပေးဆောင် နေကြပါတယ်။

ဒါကြောင့်မို့ သူတို့ နိုင်ငံ အတွက် သက်ဆိုင်ရာ ကုမ္ပဏီက အမြတ် အခွန်ငွေ မရတဲ့ အတွက် နစ်နာတာ ကြောင့် အခုလို နိုင်ငံ တကာ အခွန် စည်းမျဉ်း ကို ပြောင်းဖို့ ကြိုးစား လာကြတာပါ။

G20 က တခြား အဖွဲ့ဝင် နိုင်ငံတွေ ထောက်ခံ လာအောင် သူတို့ တိုက်တွန်းနေပါတယ်။

ဗြိတိန် ဘဏ္ဍာရေး ၀န်ကြီး ဂျော့ အော့စဘွန်း ကဆို သူ့တို့ နိုင်ငံ အနေနဲ့ နိုင်ငံမှာ ချမှတ် ထားတဲ့ အခွန် စည်းမျဉ်း တွေ အတိုင်း ပေးမယ့် စီးပွားရေး လုပ်ငန်း တွေ ကို လိုချင်ပါတယ်။ ဒါပေမယ့် ဒီ အရေးက အားလုံးသော နိုင်ငံတွေက သဘောတူ မှသာ ဖြစ်နိုင်မယ် လို့ ပြောပါတယ်။

အခု နိုင်ငံ တကာ အခွန် စနစ်က ၁၉၂၀ တဝိုက် မှာ နိုင်ငံပေါင်းချုပ် အသင်းကြီးက ချမှတ် ထားတဲ့ အခြေခံ စည်းမျဉ်း တွေ အပေါ်မှာ သာ ရေးဆွဲ ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန် ကာလ ကတည်းက ကြားထဲမှ ပြုပြင်မှု နဲနဲသာ လုပ်ခဲ့တဲ့ အချက် ကိုလည်း သူက ထောက်ပြ ပါတယ်။

မကြာသေးတဲ့ လအနည်းငယ် အတွင်း၊ နာမည်ကြီး ကမ္ဘာကျော် ကုမ္ပဏီ တွေ ဖြစ်တဲ့ အာမေဇုံ၊ ဂူဂဲလ် နဲ့ စတားဘတ်စ် ကုမ္ပဏီတွေ အပါ အဝင် နိုင်ငံ တကာ ကုမ္ပဏီ တွေ အခွန် အနည်းဆုံး ပေးရအောင် ဗျူဟာ ဆွဲထားတယ် ဆိုတဲ့ သတင်းတွေ၊ နာမည်ကြီး လာခဲ့တဲ့နောက် အခု လို သတင်း ထွက်လာ တာလည်း ဖြစ်ပါတယ်။

စတားဘတ်စ် ဆိုရင် ဗြိတိန်မှာ ဆိုင်ဖွင့် လာတာ ၁၅ နှစ် ရှိပေမယ့် ၁၄ နှစ် တိုင်တိုင် အခွန်ဆောင် ရမယ့် အမြတ်ငွေ စာရင်း ကို ချမှတ်ဖို့ ပျက်ကွက် ခဲ့ပါတယ်။ သူတို့ က ဒီအမြတ် စာရင်းတွေ ကို တခြားနိုင်ငံ မှာ ဖွင့်ထားတဲ့ သူတို့ ကုမ္ပဏီ အမြတ်စာရင်း ထဲ ကို ထည့် ထားတာမျိုး နဲ့ ဗြိတိန် က အခွန်ကို ရှောင်လို့ ရသွားတာ မျိုးပါ။

အဲဒီလို နာမည်ကြီး လုပ်ရပ်တွေထဲမှာ အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ် လည်း ပါလာပါပြီ။ ဖေ့စ်ဘွတ် က မနှစ် က ဒေါ်လာ သန်း ၁၀၀၀ ကျော် အမြတ် ပေါ် ပေမယ့် အမေရိကန် က အမြတ်ခွန် ငွေ တွေ တဒေါ်လာ တောင် မရလိုက်ပါဘူး။ ဂူဂဲလ် ဆိုလည်း အမြတ်ခွန် နဲ့ ပတ်သက်ပြီး သူတို့ ရှင်းပေးတာ က အခွန် နည်း တဲ့ ဘာမျူဒါ လို အိုင်ယာလန် လို နိုင်ငံ မျိုးမှာ ပါ။

အခွန် ပေးရတာ နည်းအောင် ရှောင်နည်း တွေ က အများအပြား ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လည်း ဒီ နည်းတွေနဲ့ မို့ အခွန် မရ ခဲ့တဲ့ အဖြစ်တွေ အများအပြား ပါ။ အခု တော့ နိုင်ငံကြီးတွေ ကပါ ဒီပြဿနာ ကို ရှေ့တန်းတင် ပြောဆို လာကြပြီ လို့ ဆိုရမှာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။