BBC navigation

စစ်ရာဇဝတ်ခုံရုံး ဘင်္ဂလားအစိုးရစွက်ဖက်

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 23:04 GMT
Bangladesh war crimes

လွတ်လပ်ရေး စစ်အတွင်း ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ

စစ်ရာဇဝတ်မှု အထူးခုံရုံးက ချမှတ်တဲ့ စီရင်ချက် တွေကို အစိုးရက အယူခံ ပိုင်ခွင့် ရှိတဲ့ ဥပဒေ တရပ် ဘင်္ဂလားဒေ့ရှ် ပါလီမန်က ထုတ်ပြန် လိုက်ပါတယ်။

ဒီဥပဒေ ထုတ်ပြီးနောက်မှာ ပိုမို ပြင်းထန်တဲ့ စီရင်ချက်တွေ ချမှတ်လာနိုင် ပါတယ်။

ဒီဥပဒေကို အတည်ပြုလိုက်တဲ့အဓိပ္ပါယ်ဟာ ဂျမားတ် အက် အစ္စလာမ်မီ ပါတီ ခေါင်းဆောင် အဗ္ဗဒူလ် ကာဒါ မူလာ ကို ထောင်ဒဏ် တသက်ပြစ်ဒဏ် ပေးထားရာက နေ သေဒဏ် ပြောင်းလဲ ချမှတ်ချင်ရင် ချမှတ်လို့ ရသွားပြီ ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

အဗ္ဗဒူလ် ကာဒါ မူလာ ဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံ ထားရတာ ဖြစ်ပါတယ်။

သူ့ကို ထောင်ဒဏ် တသက်ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ အတွက် ပြီး ခဲ့တဲ့ နှစ်ပတ် အတွင်းမှာ လူထုက ဒေါသထွက်ပြီး လူထုအုံကြွ ဆန္ဒပြမှု တွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက မူလာ နဲ့အမှုတွဲ ၁ဝ ယောက်ကို သေဒဏ် အပြစ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်တုန်းက အရှေ့ပါကစ္စတန် အနောက်ပါကစ္စတန် ဖြစ်ပွားကြတဲ့ စစ်ပွဲ အတွင်းမှာ သူတို့ဟာ လူအမြောက်အများ သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာ ရဲနဲ့ ဂျမားတ် အက် အစ္စလာမ်မီ ပါတီထောက်ခံသူတွေ တို့ ထိပ်တိုက်တွေ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ ပါတယ်။

အခု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေဟာလဲ ဂျမားအက် ပါတီကို ဖျက်သိမ်းဖို့ လုပ်တဲ့ ဥပဒေ သာဖြစ်တယ်လို့ အဲဒီပါတီကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

လွှတ်တော်က ဒီပြင်ဆင်ချက်ကို အတည်ပြု လိုက်ချိန်မှာပဲ ဒါကာ မြို့တော်က ထောင်နဲ့ချီတဲ့ ဆန္ဒပြ လူအုပ်ကြီး က ဝမ်းမြောက်ဝမ်းသာ ကြွေးကြော် အော်ဟစ် ခဲ့ကြပါတယ်။

ဒီလို ပြင်ဆင်ချက် ပြဋ္ဌာန်းတာကို ကြိုဆိုပေမယ့် လက်တွေ့ အကောင်အထည် ဖော်မှု ကို စောင့်ကြည့်ရအုံးမှာ ဖြစ်ကြောင်း ဆန္ဒပြ နေတဲ့ ပရိသတ် တယောက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။