BBC navigation

ဗြိတိန် အိန္ဒိယ စီးပွားရေး ကုန်သွယ်မှု မြှင့်တင်မယ်

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 17:23 GMT

အိန္ဒိယရဲ့ ကုန်သွယ်ရေး ကြိုးနီ စနစ်တွေကို ဖယ်ရှားရင် ဗြိတိန် ပြည်ဝင် ခွင့်တွေ လွယ်ကူ အောင် လုပ်ပေး သွားမယ်

အိန္ဒိယ နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဗြိတိန် နိုင်ငံနဲ့ အိန္ဒိယတို့ ၂၁ ရာစု အတွင်း အကြီး အကျယ် ပူးပေါင်း ဆောင်ရွက်မှုတွေ ဖော်ဆောင် နိုင်ဖို့ လုပ်သွား မယ်လို့ ပြောကြား လိုက်ပါတယ်။

နောက်ပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ၊ ဗြိတိန်ကို လွယ်လွယ် ကူကူနဲ့ လာနိုင်အောင် ဗီဇာ စည်းမျဉ်း တွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောကြား လိုက်ပါတယ်။

မစ္စတာ ကင်မရွန်းဟာ သူ့ရဲ့ ၃ ရက်ကြာ အန္ဒိယ ခရီးစဉ် အစ ဖြစ်တဲ့ မွန်ဘိုင်း မြို့မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍတွေက ကြိုးနီ စနစ်တွေကို ဖယ်ရှား ပေးမယ် ဆိုရင် သူကလည်း ဗြိတိန် ပြည်ဝင် ခွင့်တွေ လွယ်ကူအောင် လုပ်ပေး သွားမယ်လို့ အပေး အယူ သဘောမျိုးနဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ စီးပွားရေး ကုန်သွယ်မှု တွေ အတွက်ပါ။ သူနဲ့ အတူ ဗြိတိသျှ ကုမ္ပဏီ ကြီးတွေ ဖြစ်ကြတဲ့ ဘီအေအီး စစ္စတမ်၊ ရိုးလ်စ် ရိုက်စ်၊ နဲ့ လန်ဒန် မြေအောက် ရထား အဖွဲ့တွေပါ ပါသွား ခဲ့ကြတာပါ။

မွန်ဘိုင်းက ယူနီလီဗာ ဌာန ချုပ်မှာ ပြုလုပ် ခဲ့တဲ့ မေးဖြေခန်းမှာ တက်ရောက် လာကြတဲ့ ပရိတ်သတ်ကြီးကို ဗြိတိသျှ ဝန်ကြီးချုပ်က ပြောကြား ခဲ့ရာမှာ အိန္ဒိယ နိုင်ငံရဲ့ တိုးတက် မှုတွေက ဒီရာစု နှစ် အတွက်တော့ အံ့မခန်း ပဲလို့ ဆိုလိုက်ပြီး ဒါတွေကို သူ အင်မတန် မှ ကို အားရမိ ကြောင်းလဲ ပြောပါတယ်။

ဒါကြောင့် ဗြိတိန်ဟာ အိန္ဒိယနဲ့ စီးပွားဖော် စီးပွားဖက် ဖြစ်လိုတဲ့ အကြောင်း၊ ဒီအတွက် အခုထဲက စပြီး အကောင် အထည် ဖော်နေပြီ ဖြစ်တဲ့ အကြောင်းနဲ့ ဒီကနေ ရှေ့ဆက် တိုးသွားဖို့သာ ရှိတဲ့ အကြောင်း တွေကို ပြောသွားခဲ့ ပါတယ်။

တခါ မစ္စတာ ကင်မရွန်းဟာ အိန္ဒိယကို ရောက်နေစဉ် အတွင်း ယူကေကို ဝင်ဖို့ ဗီဇာတွေ ကြပ်ထားတယ် ဆိုတဲ့ ကိစ္စကိုလည်း ရှင်းပြသွား ပြန်ပါတယ်။

မွန်ဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရုပ်မြင် မေးမြန်းခန်း တွေမှာ အိန္ဒိယကနေ ဗြိတိန် တက္ကသိုလ် တွေမှာ တက်ဖို့ လာရောက်မယ့် ကျောင်းသား တွေကို ကြိုဆိုကြောင်း၊ ဗြိတိန်က တက္ကသိုလ် တွေမှာ ပညာ သင်ယူ နိုင်မယ့် အင်္ဂလိပ် ဘာသာ တတ်ကျွမ်း နားလည်မှု အဆင့်မီ ပြီး ကျောင်းဝင် ခွင့် ရရှိထားတဲ့ ကျောင်းသား တွေ မှန်သမျှ လာရောက် ပညာ သင်ယူ နိုင်ကြတဲ့ အကြောင်းနဲ့ ဘယ်ရွေ့ ဘယ်မျှ သာ လာရ မယ်လို့ ကန့်သတ် ထားတာမျိုး မရှိတဲ့ အကြောင်း လည်း ပြောကြား သွားခဲ့ပါတယ်။

တခါ အိန္ဒိယက စီးပွားရေး သမားတွေနဲ့ လုပ်ငန်းရှင်တွေ အတွက် လည်း ပြည်ဝင်ခွင့် ဗီဇာ ရဖို့ အတွက် ပိုမို အဆင်ပြေအောင် လုပ်ပေး သွားမယ်လို့ ဆိုပါတယ်။

သူက ဗြိတိန်နဲ့ ကူးသန်း ရောင်းဝယ် လိုလို့ပဲ ဖြစ်ဖြစ်၊ စီးပွားရေး အတွက် ဗြိတိန်ကို လာရောက် လိုကြတဲ့ စီးပွားရေး သမား တွေ အတွက် နေချင်းပြီး ဗီဇာ လျှောက်လို့ ရအောင် စီစဉ် ပေးသွားမယ် လို့လည်း ပြောသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။