BBC navigation

Nestle Pasta တွေ ဆိုင်ပေါ်က ဖယ်ရှားခံရ

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 01:32 GMT

Nestle ကုန်အမှတ်တံဆိပ်

ဥရောပ နိုင်ငံတွေမှာ ဖြစ်နေတဲ့ အမဲသားနဲ့ ထုတ်ထားတယ်လို့ ဆိုပြီး မြင်းသားတွေ ပါနေတဲ့ အရှုတ်တော်ပုံမှာ ကမ္ဘာ့ နာမည်ကြီး အစားအသောက်ထုတ်တဲ့ နတ်စ်လေ ကုမ္ပဏီလည်း ပါဝင် နေပါတယ်။

ဆွစ်ဇာလန် အခြေစိုက် နတ်စလေ ကုမ္ပဏီက ထုတ်တဲ့ စားသောက်ကုန်တွေမှာ ၊ မြင်းသားနဲ့ ဆိုင်တဲ့ အရာ ပါဝင်နေတဲ့ အထောက်အထားတွေ ၊ DNA စမ်းသပ်မှုအရ တွေ့ခဲ့တဲ့ အတွက် ၊ အီတလီနဲ့ စပိန်က ဆိုင်တွေမှာ တင်ရောင်းနေတဲ့ ၊ အသင့်စား ပါစတာတွေကို ဆိုင်ပေါ်က ဖယ်ရှားခဲ့ရပါတယ်။

နောက် ဖြစ်ရပ် တခုမှာတော့ အမဲသားထုတ် စားကုန်တွေမှာ မြင်းသားတွေ ထည့်ထား တယ်လို့ စွပ်စွဲ ခံနေရတဲ့ Spanghero ကုမ္ပဏီကို ပြင်သစ် အစိုးရက လုပ်ငန်း လိုင်စင် ပြန်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရိုမေးနီးယား က မြင်းသားတွေကို အမဲသားထုတ် စားကုန်တွေမှာ ထည့်သွင်းခဲ့တဲ့ အထောက်အထားတွေ ရှာဖွေ တွေ့ခဲ့ပြီးတဲ့နောက် အဲဒီ စပန်ဂရို ကုမ္ပဏီကို လုပ်ငန်း လိုင်စင် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဥရောပ တလွှားမှာလိုဘဲ နယ်သာလန်မှာလည်း အမဲသားထုတ် စားကုန်တွေမှာ မြင်းသား ပါဝင်မှု ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ အရာရှိတွေက သားသတ်ရုံနဲ့ စားသောက်ကုန်ထုတ် စက်ရုံ တရာကျော်ကို ဝင်ရောက် စီးနင်း ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

ဗြိတိန်မှာလည်း အမဲသားနဲ့ ထုတ်တယ်လို့ ဖော်ပြထားတဲ့ စားကုန်တွေမှာ တခြား အသားတွေ ထည့်မထားဘူး ဆိုတာကို DNA စမ်းသပ်မှု ကြိုကြား ကြိုကြား ပြုလုပ်ပြီး ရလဒ်ကို သုံးလတခါ အစိုးရဆီ အစီရင်ခံဖို့ ဆူပါ မားကတ် ပိုင်ရှင်တွေက သဘောတူခဲ့ ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။