BBC navigation

အတိတ်က အမှားတွေကို ဗြိတိန် ဝန်ကြီးချုပ် လက်ခံ အသိအမှတ်ပြု

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 15:53 GMT

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်

အိန္ဒိယ နိုင်ငံမှာ ရောက်နေတဲ့ ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်က ဗြိတိသျှ တပ်ဖွဲ့တွေ က အိန္ဒိယ အရပ်သား တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့တဲ့ နေရာကို သွားရောက် ပန်းခွေ ချခဲ့ ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ သုံးရက်ကြာ အိန္ဒိယ ခရီးစဉ် နောက်ဆုံးနေ့မှာ Amristar ကို သွားရောက်ဂါရဝ ပြုခဲ့တာဟာ ဗြိတိန် နိုင်ငံ အနေနဲ့ အိန္ဒိယ နိုင်ငံကို တရားဝင် တောင်းပန်တာလို့ ပြောလို့ မရပေမဲ့ သူကိုယ်တိုင် ကတော့ ဗြိတိန် နိုင်ငံ ရဲ့ ကိုလိုနီ သမိုင်းမှာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဆိုးလွန်းလှတဲ့ သတ်ဖြတ်မှု အတွက် ဗြိတိန် ခေါင်းဆောင် တစ်ယောက်က နက်နက် နဲနဲကို ဝမ်းနည်း ပါတယ် ဆိုတာ ထုတ်ဖော် ပြသတာ ဖြစ်တယ်လို့ အာမာရစ်စ်တာ မြို့က ဘီဘီစီ သတင်းထောက် Sanjoy Majumder က ပြောပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်သွယ်မှု တွေ ပိုမို တိုးမြှင့်နိုင်ရေး ကို အဓိက ဦးစားပေး တဲ့ ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူ့ရဲ့ သုံးရက်ကြာ အိန္ဒိယ ခရီးစဉ် နောက်ဆုံးနေ့မှာ ဗြိတိသျှတပ်ဖွဲ့တွေ ကျူးလွန် သတ်ဖြတ် ခဲ့ရာ နေရာကို သွားရောက် ဂါရဝ ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်က အိန္ဒိယ မြောက်ပိုင်း ပန်ဂျပ် ပြည်နယ် Amristar အာမာရစ်စ်တာ မြို့မှာ ရာနဲ့ချီတဲ့ လက်နက်မဲ့ အိန္ဒိယ အရပ်သား တွေ ကို ဗြိတိသျှ တပ်ဖွဲ့တွေက သတ်ဖြတ်ပစ်ခဲ့တဲ့ Jallianwala Bagh ပန်းခြံ ထဲက အထိမ်း အမှတ် နေရာကို မစ္စတာ ကင်မရွန်း သွားရောက် ပန်းခွေ ချခဲ့ တာပါ။

လက်နက်မဲ့ အရပ်သား တွေ ကို အခုလို သတ်ဖြတ် ပစ်ခဲ့ တာဟာ အလွန်ကို ရှက်စရာ ကောင်းတဲ့ လုပ်ရပ် အဖြစ် မစ္စတာ ကင်မရွန်းက ဖော်ပြ ပြောဆိုပါတယ်။

အဲဒီနောက် သူက ဧည့်သည် မှတ်တမ်း စာအုပ်ထဲမှာ သူ့ရဲ့ တွေးမြင်ချက်ကို ရေးသား ခဲ့ရာမှာ ဒီနေရာမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ဘယ်တစ်ဦး တစ်ယောက်ကမှ မေ့ မပစ် သင့်ဘူးလို့ ရေးသားခဲ့ ပါတယ်။

ဒီကနေ့ စောစောပိုင်း ကလည်း မစ္စတာ ကင်မရွန်းက ဆစ် Sikh ဘာသာဝင် တို့ရဲ့ အထွတ် အမြတ် ဘုရားကျောင်းကို သွားရောက်ခဲ့ ပါတယ်။ ဗြိတိန် နိုင်ငံကို ပန်ဂျပ် က လူတွေရဲ့ ထောက်ကူ ဆောင်ရွက်မှုတွေ နဲ့ ပတ်သက်ပြီး သူက ပြောဆိုသါားခဲ့ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ အာမာရစ်စ်တာ မြို့ကို သွားခဲ့တဲ့ မစ္စတာ ကင်မရွန်းဟာ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ် အဲဒီနေရာကို သွားပြီး လေးစား သမှု ပြုတဲ့ ပထမဆုံး ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာ ပါတယ်။
သူ့ရဲ့ ခရီးစဉ် အတွင်း အိန္ဒိယနိုင်ငံ အခြေခံ အဆောက်အဦတွေမှာ ဗြိတိန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေးဆိုင်ရာ သဘောတူညီချက်တွေကို မစ္စတာ ကင်မရွန်း လက်မှတ်ရေးထိုးခဲ့ ပါတယ်။)

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။