BBC navigation

ကုလသမဂ္ဂက ဟေတီရှိလျော်ကြေး တောင်းသူတွေကို ပယ်ချ

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 01:23 GMT
ဟေတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလတပ်သားများ

ဟေတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလတပ်သားများ

ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေအတွက် ကင်းလွတ်ခွင့်ပေးတဲ့ ကွန်ဗင်းရှင်းအရ ဟေတီ ကာလဝမ်းရောဂါနဲ့သေဆုံးသူတွေကို လျော်ကြေးတောင်းတာ ရပိုင်ခွင့်မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ခပ်ပြတ်ပြတ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဟေတီနိုင်ငံမှာ ကာလ ဝမ်းရောဂါ ဖြစ်အောင် ကုလက ဆောင်ကျဉ်းတယ်လို့ သေဆုံးသူမိသားသူတွေက စွပ်စွဲပြီး လျော်ကြေး ဒေါ်လာသန်းချီ တောင်းခံနေတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့စခန်းမှာ သန့်ရှင်းမှုမရှိလို့ ဝမ်းရောဂါဖြစ်ရတယ်ဆိုတဲ့ အထောက်အထားတွေ တဖြည်းဖြည်း များလာပေမယ့် ကုလဘက်က တာဝန်ရှိတယ်လို့ ဝန်မခံပါဘူး။ ကုလသမဂ္ဂကို ကင်းလွတ်ခွင့် ပေးတယ်ဆိုပေမယ့် ဒဏ်ခတ်မှုတော့ ရှိသင့်တဲ့အတွက် ပြည်တွင်းမှာ ဆက်တရားစွဲမယ်လို့ သေဆုံးသူတွေဘက်က အမှုလိုက် ရှေ့နေတယောက်က ဘီဘီစီကိုပြောပါတယ်။

ဝမ်းရောဂါဖြစ်နေတဲ့ နေပါလီစစ်သားတွေက အရေးကြီးတဲ့ မြစ်ရေထဲ အညစ်ကြေးတွေသွန်လို့ ရောဂါစ ဖြစ်တယ်ဆိုတဲ့ အထောက်အထား တွေရှိပါတယ်။ ကုလသမဂ္ဂဘက်ကတော့ဒါကို အတိအကျ အပစ်ပြောလို့ မရဘူးလို့ ငြင်းပါတယ်။ မနှစ်နှောင်းပိုင်းတုန်းက ကုလအနေနဲ့ ဟေတီမှာ ဝမ်းရောဂါ တိုက်ဖျက်ဖို့ ရေသန့်ရရှိရေးကိစ္စ သန့်ရှင်းရေးလုပ်ဖို့တွေ စုံစမ်းဖေါ်ထုတ်ဟာ သေဆုံးသူတွေရဲ့ တောင်းဆိုမှုကို တနည်းတလမ်း တုန့်ပြန်တာလို့ အမှုလိုက်ရှေ့နေက ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။