BBC navigation

တရုတ်အစိုးရပြောတဲ့ တရုတ်ပြည်က ကင်ဆာရွာများ

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 15:43 GMT
China Cancer Village

မြစ်ချောင်းတလျှောက်နေသူတွေနဲ့ စက်ရုံတွေနား နားသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ များနေပါတယ်။

တရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ကင်ဆာကျေးရွာတွေ ရှိနေပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ဒေသတချို့မှာ သဘာဝဝန်းကျင် ညစ်ညမ်းမှုတွေ အများကြီး ဖြစ်နေပြီလို့ လူထုထင်မြင်ချက်တွေ တော်တော်ကြီး ထွက်ပေါ်ပြီးနောက်မှာ အခုလို မှတ်ချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

ရေဆိုးတွေ စီးဆင်းနေတဲ့ မြစ်ချောင်းတလျှောက်နဲ့ စက်ရုံတွေနား နေရတဲ့ ရွာသားတွေကြား ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းတွေ တက်လာနေတယ်လို့ သဘာဝ ဝန်းကျင် အခွင့်အရေးလှုပ်ရှားသူတွေက နှစ်ပေါင်းများစွာ ထောက်ပြပြောဆိုနေခဲ့ပြီး ဖြစ်ပါတယ်။

ကင်ဆာကျေးရွာတွေဆိုတာကတော့ တင်စားခေါ်ခဲ့တာဖြစ်ပြီး အဓိက ကတော့ အဲဒီလို ရွာတွေမှာ ကင်ဆာ ဖြစ်သူတွေ သိပ်များလာတာကို ညွှန်းလိုတာပါ ဖြစ်ပါတယ်။ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ကင်ဆာကျေးရွာ ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ညွှန်းပြထားတာတော့ မရှိပါဘူး။

တရုတ်နိုင်ငံအနေနဲ့ သဘာဝဝန်းကျင်ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒီထက်ပို ပွင့်လင်းမြင်သာစွာ ရှိဖို့ကို တောင်းဆိုသံတွေကလည်း ညံနေခဲ့တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ ခရစ်နှစ် ၂၀၁၁ ကနေ ၂၀၁၅ ကြား၊ တရုတ်နိုင်ငံရဲ့ ၁၂ ကြိမ်မြောက် ငါးနှစ် စီမံကိန်းအတွင်းမှာ ဓာတုဗေဒ ဓာတ်ပစ္စည်းများ သဘာဝ ဝန်းကျင်တွင်း ထုတ်လွှတ်မှု အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ ဓာတုအဆိပ်ပစ္စည်းတွေ ထုတ်လွှတ်ခဲ့မှုကြောင့် ရေနဲ့ လေထု ညစ်ညမ်းမှုတွေ ဖြစ်စေခဲ့ပြီး အရေးပေါ် သဘာဝဝန်းကျင် ထိခိုက်မှုတွေ ဖြစ်နေခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အမြောက်အမြား ကုန်ထုတ်လုပ်ငန်းတွေမှာ အကြီးအကျယ် သုံးစွဲနေတဲ့ ဓာတုဗေဒ ပစ္စည်းတွေဟာ တခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သုံးဖို့ ပိတ်ပင်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာတော့ ဒီလို ဓာတုဗေဒပစ္စည်းတွေကို သုံးစွဲတာကြောင့် ပြည်သူတွေအတွက် ရေရှည်ထိခိုက်စေမယ့် ဆိုးကျိုးတွေ ဖြစ်စေပြီး၊ ကင်ဆာကျေးရွာတွေကို ဖြစ်သွားစေနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းက ဘီဘီစီသတင်းထောက် မာတင်ပေးရှင့်ကတော့ တရုတ်နိုင်ငံဟာ ရုတ်ချည်း ဖွံ့ဖြိုးတိုးတက်လာလေတော့ ကင်ဆာကျေးရွာလို သတင်းတွေကတော့ ခဏခဏကြားလာရတယ်လို့ သုံးသပ်ပါတယ်။

တရုတ်မီဒီယာတွေမှာတော့ အဲဒီရွာတွေရဲ့အဖြစ်သနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာခဲ့ကြပြီး ၂၀၀၉ ခုနှစ်ကဆိုရင် တရုတ်သတင်းထောက်တယောက်က ကင်ဆာကျေးရွာတွေကို မြေပုံနဲ့ ရေးဆွဲဖော်ပြရာမှာ ဒီလို ကင်ဆာကျေးရွာတွေက ရာဂဏန်းနီးနီးတောင် ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။