BBC navigation

ဗြိတိန်ရဲ့ Credit Rating လျော့ချ သတ်မှတ်ခံရပြီ

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 01:05 GMT

ကြွေးမြီနဲ့ ပတ်သက်ပြီး အကဲဖြတ်တဲ့ မူးဒီးစ်

ဗြိတိန်နိုင်ငံဟာ ကြွေးဆပ်နိုင်အားနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အေ သုံးလုံး အဆင့် ရှိ နိုင်ငံအဖြစ်ကနေ အေအေ ဝမ်း အဆင့်နိုင်ငံအဖြစ် ကြွေးမြီနဲ့ ပတ်သက်ပြီး အကဲဖြတ်တဲ့ ကမ္ဘာ့ထိပ်တန်း အေဂျင်စီကြီး ဖြစ်တဲ့ မူးဒီးစ်က သတ်မှတ် လိုက်ပါပြီ။


ဗြိတိန်နိင်ငံဟာ စီးပွားရေး ပြန်လည် တိုးတက်အောင် လုပ်နိုင်ဖို့ နှစ်အနည်းငယ်ကြာ ကြိုးစားရဦးမယ်လို့ သုံးသပ်ပြီး အခုလို အဆင့်လျော့ချခဲ့တာ ဖြစ်ပါတယ်။

အစိုးရဟာ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့လည်း မူးဒီးစ်က သုံးသပ်ပါတယ်။

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စ်ဘွန်း ကလည်း မူးဒီးစ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်စီးပွားရေးအတွက် အလေးအနက် သတိပေးလိုက်တဲ့ အချက်တချက် ပဲလို့ ဆိုပါတယ်။

စီးပွားရေး အခြေအနေကို မြန်မြန်တိုးတက် အောင် မလုပ်နိုင်ရင် အခြေအနေဟာ နှစ်ဆ ဆိုးဝါးသွားနိုင်တယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ဖိုင်နန်ရှယ်တိုင်း သတင်းစာကြီးရဲ့ အမေရိကန် အယ်ဒီတာ ဂျီလီယန် တက်တ် ကတော့ အခုလို လျော့ချခံရတာ ဟာ ဘဏ္ဍာရေး ဝန်ကြီးတ ယောက်အတွက် ရှက်စရာ ဖြစ်ပေမဲ့ တခြား နိုင်ငံတွေလည်း လျော့ချခံကြရတာပါပဲလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုဟာလည်း မနှစ်တုန်းက အေသုံးလုံး အဆင့်က လျော့ချခံရပေမဲ့ အဲသလို လျော့ချခံရတဲ့ အတွက် အကြွေးယူတဲ့အခါမှာ အတိုးနှုန်းတက်ပေးရတာမျိုးတော့ မရှိခဲ့ပါဘူး။

အခုဆိုရင် စီးပွားကျဆင်းယုတ်လျော့မှုကြီးဖြစ်ပွားပြီးတဲ့နောက်မှာ ကမ္ဘာ့ ထိပ်သီး စီးပွားရေး နိုင်ငံတွေထဲက ဂျာမနီနဲ့ ကနေဒါ နှစ်နိုင်ငံသာ အေသုံးလုံးအဆင့် နိုင်ငံအဖြစ် ကျန်ရစ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။