BBC navigation

အင်္ဂါဂြိုဟ်ကို ပထမဆုံး လူစေလွှတ်ဖို့ ပြင်

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 00:46 GMT

အမေရိကန် သူကြွယ် ဒန်းနစ် တီးတိုး

အမေရိကန်က သန်းကြွယ်သူဌေးလည်းဖြစ် အာကာသထဲကို ပထမဆုံး ပုဂ္ဂလိက ခရီးသွား တစ်ဦးလည်း ဖြစ်တဲ့ Dennis Tito ဟာ အင်္ဂါဂြိုဟ်ကို ပထမဆုံး လူတင် အာကာသယာဉ် စေလွှတ်ဖို့ ပြင်ဆင်နေ ပါတယ်။

မစ္စတာ တီတိုးနဲ့ သူ့ရဲ့ Inspiration Mars Foundation အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဒါဟာ သိပ္ပံရှုထောင့်က ကြည့်ရင် တကယ့် အံမခန်းအနေအထား ဖြစ်မှာပါ ၊ ကျွန်တော်တို့အနေနဲ့ အာကာသထဲကို လူတွေ စေလွှတ်နိုင်မှုက အခု အစီအစဉ်လောက် ဘယ်ဟာကမှ တိုးတက် စွမ်းဆောင်ပြီး လုပ်နိုင်တာ မရှိသေးပါဘူး ၊ ဒီလောက် အဝေးကြီး မသွားဘူးသေးတဲ့ အပြင် နှစ်ပေါင်း ၄၀ ကာလအတွင်း လကို ကျော်ပြီး လူတွေ မလွှတ်နိုင် ခဲ့သေးပေမယ့် အခုတော့ အချိန်ကျပြီလို့ မစ္စတာ တီတိုးက ပြောပါတယ်။

တကယ်တော့ စေလွှတ်မယ့် အချိန်က ၂၀၁၈ ခုနှစ် ၊ နောက် ၅ နှစ်ကြာမှ လွှတ်မှာ ဖြစ်ပြီး အဲဒီအချိန်ကို ရွေးရရတဲ့ အကြောင်း ကတော့ အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာဟာ ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ အနီးဆုံး အနေအထား ကျမှာ ဖြစ်ပါတယ်။

ဒီလို အနီးဆုံးဆိုတဲ့ အနေအထားမှာတောင် လွန်းပျံယာဉ်နဲ့ သွားရမယ့် ခရီးက ၁ နှစ် ခွဲ နီးပါး၊ ရက်အားဖြင့် ရက်ပေါင်း ၅၀၁ လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ပေါ်ကိုတော့ မဆင်းသက်ပဲ အဲဒီ ဂြိုဟ်နီကြီးနဲ့ မိုင် ၁၀၀ လောက် အကွာကနေပဲ ပြန်လှည့်လာမှာ လို့ ဆိုပါတယ်။

ပထမတော့ အသက် ၇၂ နှစ်အရွယ် Dennis Tito ကိုယ်တိုင် သွားမလားဆိုပြီး လူတွေ မေးခွန်း ထုတ်နေပေမယ့် သူကတော့ အသက်အရွယ်ကြောင့် သွားမှာ မဟုတ်ပဲ လူလတ်ပိုင်း အရွယ် စုံတွဲ တတွဲကို စေလွှတ်ဖို့ စီစဉ်နေကြောင်း မစ္စတာ တီတိုးက ပြောပါတယ်။

ဒီလို စုံတွဲကို စေလွှတ်မှာကလည်း လူသူမနီး အထီးကျန်လှတဲ့ အာကာသထဲမှာ ၊ နောက်ပြီး ဒီလွန်းပျံယာဉ် အခန်း ကျဉ်းကျဉ်းလေးထဲမှာ တနှစ်ခွဲလောက် နေ့နေ့ညည နေရမှာဆိုတော့ ကိုယ်ရော စိတ်ပါ ချိနဲ့ လာနိုင်ပါတယ်။

ဒါကြောင့် တယောက်ကို တယောက် ပိုမို ဖေးမနိုင်မယ်လို့ ယူဆတာကြောင့်လို့ စုံတွဲကို စေလွှတ်ဖို့ စီစဉ် ရတာပါလို့ မစ္စတာ တီးတိုးက ဆိုပါတယ်။

နောက်ပြီး ဓာတ်ရောင်ခြည် သင့်မှုတွေ ဖြစ်ခဲ့ရင် လူငယ်တွေဆိုရင် မျိုးမဆက်နိုင်တဲ့ အန္တရာယ် ကြုံနိုင်ပါတယ်လို့လည်း ဒီအဖွဲ့ထဲက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

နည်းပညာအားဖြင့် ပြောရရင်တော့ လက်ရှိ နည်းပညာနဲ့တင် အဆင့်သင့် ဖြစ်နေပါပြီလို့ မစ္စတာ တီတိုးက ပြောပေမယ့် ဒီလောက်အကြာကြီး ဒီလောက်အဝေးကြီး လူတွေ မသွားဖူးသေးတဲ့အတွက် နည်းပညာ ဒီထက် ပိုတိုးတက်ဖို့ လိုတယ်လို့ တခြား ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဓာတ်ရောင်ခြည်တွေနဲ့ အကြာကြီး ထိတွေ့ခံနိုင်မှု ရှိဖို့ ၊ အစားအစာနဲ့ ရေ ရရှိနိုင်မှု၊ အဲဒီထဲမှာဆိုရင် ကျင်ငယ်ရေကနေ သောက်ရေပြန်ဖြစ်အောင် ဘယ်လို လုပ်မလဲ စတာတွေကို စဉ်းစားဖို့ လိုသေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

နောက်ပြီး ဒီခရီးစဉ်အတွက် ကုန်ကျစရိတ်တွေကိုလည်း မစ္စတာ တီတိုးအနေနဲ့ ရှာဖွေ ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။