BBC navigation

ပုပ်ရဟန်းမင်းကြီးက နောက်ပုပ်ရဟန်းမင်းအတွက် ဆုမွန်တောင်း

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 16:12 GMT
Benedict 16

မနက်ဖြန်ပြီးရင် အနားယူတော့မယ့် ပုပ်ရဟန်းမင်းကြီး ဘဲနဒစ် ၁၆

နှစ်ပေါင်း ၆၀၀ နီးပါးအတွင်း ပုပ်ရဟန်းမင်းကြီး အဖြစ်ကနေ ပထမဆုံး နုတ်ထွက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Benedict 16 ဟာ နောက်ဆုံးအကြိမ် လူထုနဲ့အတူ ဆုတောင်းဝတ်ပြုခဲ့ပြီး နောင်သူ့နေရာကို ဆက်ခံမယ် ပုပ်ရဟန်းမင်းကြီးအတွက်ပါ ဆုတောင်းပေးခဲ့ပါတယ်။

ရိုမင်ကက်သလစ် ဘာသာဝင်တွေကို ရှစ်နှစ်တာ ဦးဆောင်စဉ် ကာလအတွင်း ပြင်းထန်တဲ့ လောကဓံလှိုင်းကို ခံရချိန်မှာ ဘုရားသခင်က ဦးဆောင်မှုပေးခဲ့ပြီး နေစဉ် ဘုရားသခင်က သူနဲ့အတူ ရှိနေတယ်လို့ ခံစားမိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

သူရည်ညွှန်းတဲ့ လောကဓံလှိုင်းဆိုတာတွေဟာ ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူမှု အရှုတ်တော်ပုံတွေ၊ ဗာတီကန်နန်းတော်ရဲ့ အဂတိလိုက်စားမှုတွေကို ဖေါ်ပြတဲ့ လျှို့ဝှက် အထောက်အထားတွေ အပြင်ကို ပေါက်ကြားခဲ့တာတွေကို ဆိုလိုတဲ့ပုံ ပေါ်ပါတယ်။

သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Benedict ဟာ မနက်ဖြန် ပုပ်ရဟန်းမင်းကြီး အဖြစ်ကနေ အငြိမ်းစားယူတော့မှာ ဖြစ်ပါတယ်။ သူ့ကို ဆက်ခံမယ်သူကို မတ်လကျရင် ထုံတမ်းစဉ်လာအရ အစီအစဉ်နဲ့ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ဒေသအချိန် ည ၈ နာရီ နောက်ပိုင်းမှာ သူဟာ ပုပ်ရဟန်းမင်းကြီး မဟုတ်တော့ပါဘူး၊ သူ့ကို Pope Emiritus အငြိမ်းစား ဂုဏ်ထူးဆောင် ပုပ်ရဟန်းမင်းကြီး လို့ ခေါ်ကြရမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး မဟုတ်တော့ပေမယ့် သူ့ရဲ့ ၁၆ ဦးမြောက် ဘဲနဒစ် ဆိုတဲ့ ဘွဲ့ကို ဆက်သုံးနိုင်မှာ ဖြစ်သလို "His Holiness"လို့ ဆက်ပြီး သူ့ကို ခေါ်ဝေါ်သုံးစွဲနိုင်ပါတယ်။ အဲဒီနေ့မှာပဲ သူဟာ ဗာတီကန်ကနေ ရောမမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ သူ့ရဲ့ နွေရာသီ စံအိမ်မှာ ပြောင်ရွေ့ သီတင်းသုံးပါမယ်။

ပုပ်ရဟန်းမင်းကြီး အဆောင်အယောင် ရွှေွှလက်စွပ် ကို ပြန်လည်အပ်နှံပြီး သူ့ရဲ့ အမှတ်အသား တံဆိပ်တော်တွေကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး အဆောင်အယောင် ရှုးဖိနပ်အနီကို စီးခွင့် မရှိတော့ပါဘူး။
အဖြူရောင်ဝတ်ရုံကိုတော့ အဆောင်အယောင် ဆင်ယင်မှုမရှိဘဲ ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့ နောက်ဆုံးဝတ်ပြုတဲ့နေ့မှာ ခရစ်ယန် ဘုန်းတော်ကြီးတွေ မယ်သီလရင်တွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ နောက်ဆက်ခံမယ့် ပုပ်ရဟန်းမင်းကို ကာဒီနယ် ရဟန်းအမတ် ၁၁၅ ဦးထဲကနေ ရွေးချယ်မှာဖြစ်ပြီး အဲဒီထဲက ၆၇ ဦးဟာ အခု ပုပ်ရဟန်းမင်းကြီး Benedict ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကျန်ရဟန်းအမတ်တွေကတော့ အရင်ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။