BBC navigation

ထိုင်းအစိုးရနဲ့ သူပုန်တွေ ဆွေးနွေးဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 17:43 GMT

အမျိုးသားတော် လှန်ရေး တပ်ဦး ဘီအာအန်န် နဲ့ ထိုင်းအစိုးရတို့ မလေးရှား နိုင်ငံမှာ လက်မှတ် ရေးထိုးခဲ့

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆယ်စုနှစ်ချီ ကြာအောင် ပုန်ကန် တိုက်ခိုက် နေတဲ့ မွတ်ဆလင် သူပုန်တွေနဲ့ အစိုးရ ကြားမှာ ငြိမ်းချမ်းရေး အတွက် နှစ်ဘက် ဆွေးနွေး စကားပြော ကြဖို့ ပထမဆုံး အကြိမ် အဖြစ် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ ပါတယ်။

ထိုင်းတောင်ပိုင်းမှာ အစိုးရကို တော်လှန် တိုက်ခိုက် နေတဲ့ သူပုန် အဖွဲ့ တချို့ အနက် တဖွဲ့ ဖြစ်တဲ့ အမျိုးသားတော် လှန်ရေး တပ်ဦး ဘီအာအန်န် နဲ့ အစိုးရတို့ မလေးရှား နိုင်ငံမှာ လက်မှတ် ရေးထိုး ခဲ့တာပါ။

မွတ်ဆလင် အများစု ဖြစ်တဲ့ ထိုင်းတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်က စပြီး ပဋိပက္ခ ဖြစ်ပွားခဲ့ ရာမှာ စုစုပေါင်း လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ ပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်က် နဲ့ ထိုင်းဝန်ကြီးချုပ် ရင့်လတ်ခ် ရှင်နာဝပ် တို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေး ပွဲတွေကို ရှေ့ဆက်ပြီး အတတ် နိုင်ဆုံး မြန်မြန် ဆန်ဆန် ဆောင်ရွက် သွားမယ်လို့ မစ်စ် ရင့်လတ် က ပြောပါတယ်။

ညှိနှိုင်း ဆွေးနွေး မှုမှာ မလေးရှားဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေကို မလေးရှား ကပဲ လက်ခံ ကျင်းပ ပြုလုပ် ပေးမယ့် သဘောရှိပါတယ်။ ဆွေးနွေးပွဲ အသေးစိတ် အစီအစဉ်နဲ့ အချိန် ဇယားတော့ ခုထိ ထွက်မလာ သေးပါဘူး။

အရင် ကလည်း အကြိမ်ကြိမ် ဆွေးနွေးဖို့ ကြိုးစား ခဲ့ဖူးပြီး၊ များသော အားဖြင့် စိတ်မပါ တပါ့နဲ့ ကြိုးစားခဲ့ ကြတာ ဖြစ်လို့ ကြိုးစားမှု အားလုံး မအောင်မြင်ခဲ့ ကြပါ။

ဒီတကြိမ်မှာ ထူးခြားတာက မဆွေးနွေးခင် နှစ်ဘက် အကြားမှာ သဘောတူညီ ချက်ကို စာရွက် ပေါ်မှာ သေသေ ချာချာ လက်မှတ်ထိုး နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် မလေးရှားဝန်ကြီးချုပ် နှစ်ဦး အပါအဝင် ဆောင်ရွက် ကြပြီး လူသိရှင်ကြား ကြေညာပြီး လုပ်တဲ့ ဆွေးနွေးပွဲ လည်း ဖြစ်ပါတယ်။

သူပုန်အဖွဲ့ရဲ့ တည်ရှိမှုကို ထိုင်းအစိုးရက ပထမဆုံး အကြိမ် လူသိရှင်ကြား တရားဝင် အသိ အမှတ် ပြုလိုက်တယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူပုန် ဘက်က တောင်းဆိုချက်ကို ထိုင်း အစိုးရက အသိမှတ်ပြု လက်ခံပြီး နားထောင် ပေးဖို့ သဘောတူခဲ့ တာလည်း ဖြစ်ပါတယ်။

ဆိုးတာ တခု ကတော့ ဒီလို ထူးထူး ခြားခြား ရလာတဲ့ တိုးတက်မှုကို အနှောင့် အယှက် ဖြစ်စရာလို့ ဆိုနိုင်မယ့် တိုက်ခိုက်မှု တခုကို ဒီလ စောစော ပိုင်းမှာပဲ သူပုန် ဘက်က အုပ်စုကြီး တစုက လုပ်ခဲ့ ပါတယ်။ ထိုင်း အခြေစိုက် စစ်စခန်း တခုကို သူပုန်က ဝင်တိုက်တဲ့ အတွက် လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဟာ ဒီဖြစ်ရပ် ဖြစ်ပြီးတဲ့ နောက်မှာ လက်စားခေျ တုံ့ပြန်ဖို့ မကြိုးစားပဲ၊ သူပုန်နဲ့ မြန်မြန် ဆန်ဆန် ဆွေးနွေး နိုင်ဖို့သာ ကြိုးစား တာကို တွေ့ရပါတယ်။

ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုး ဆိုတာက အစိုးရဘက်က သာ အဓိက ဖြစ်ပါတယ်။ အင်အားကြီးတဲ့ အစိုးရ ဘက်ကနေ ဆွေးနွေး ရေးကို ဦးစားပေး လာတာ တွေ့ရတာဟာ ဆွေးနွေးပွဲ အောင်မြင် နိုင်မယ့် အလား အလာလို့ ယူဆရင် ရနိုင် ပါလိမ့်မယ်။

ဒါပေမဲ့ အခု အခြေ အနေဟာ တကယ့်ကို အစပိုင်း မျှသာပဲ ရှိပါသေးတယ်။ ပြဿနာတွေ ငြင်းခုန် စရာ ညှိနှိုင်း စရာတွေ ကလည်း အများ ကြီး ရှိသေး တယ်ဆိုတော့ အစမ်းသပ်ခံပြီးတဲ့ အဆင့် အထိ မရောက် သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။