BBC navigation

တောင်အာဖရိက ရဲရက်စက်မှု ဗီဒိယို ဂယက်ရိုက်

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 16:04 GMT
South Africa, Police, Video

လူတစ်ဦးကို ရဲကားက ဒရွတ်တိုက် ခေါ်သွား

တောင်အာဖရိက နိုင်ငံမှာ တက္ကစီ မောင်းသမား တစ်ယောက်ကို ရဲကား နောက်မှာ ကြိုးချည်ပြီး လမ်းမပေါ်မှာ ကားနဲ့ ဆွဲသွား ခဲ့တဲ့ ရဲဝန်ထမ်း ၈ ယောက်ကို တာဝန်ကနေ ဆိုင်းငံ့ပြီး ဒေသ ခံရဲမှူးကို ရာထူးက ဖယ်ရှားလိုက် ပါတယ်။

ဒီဖြစ်ရပ်ကို မိုဘိုင်း လက်ကိုင်ဖုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကို တောင်အာဖရိက ရုပ်မြင် သံကြားမှာ ပြသခဲ့ပါတယ်။

မိုဇမ်ဘစ် နိုင်ငံသား တက္ကဆီ သမား တစ်ယောက်ကို တောင်အာဖရိက ရဲတွေက ကားပေါ် ဆွဲတင်ဖို့ ကြိုးစားခဲ့တာကို သူက ရုန်းကန်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် သူ့ကို ကားနောက်မှာ ချည်ပြီး ဆွဲသွားတာကို လမ်းဘေးကနေ လူတွေ ရပ်ကြည့်နေတာ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ရဲမင်းကြီး Riah Phiyega က အကြင်နာ တရား ခေါင်းပါးပြီး လက်သင့် မခံနိုင်တဲ့ ဒီလုပ်ရပ်ကို ထုတ်ဖော် ပြကြ သူတွေ ကို ကျေးဇူး တင်တယ်လို့ ပြောပါတယ်။

တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက လည်း ဒီလုပ်ရပ်ဟာ တကယ့်ကို ထိတ်လန့် ကြောက်မက်စရာ ကောင်းပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် မိုဇမ်ဘစ် ကားမောင်းသမား မီဒို မာစီယာ Mido Macia ကို ဖမ်းဆီးတဲ့ အကြောင်းရင်းကတော့ လမ်းမပေါ်မှာ ယာဉ်သွား ယာဉ်လာ ပိတ်ဆို့အောင် သူ့ကားကို ပိတ်ရပ်ထားလို့ ရဲတွေက ဖမ်းတာလို့ သိရ ပါတယ်။

သူ့ကို Johannesburg မြို့ အရှေ့ပိုင်းက ဒေဗေတန် Daveyton မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ရဲအချုပ် အတွင်းမှာပဲ သေသွားခဲ့ ပါတယ်။ သူသေဆုံးရတဲ့ အကြောင်းကို ကနဦး ဆေးစစ်ဆေးမှုတွေ အရ ခေါင်းက ဒဏ်ရာနဲ့ ခန္ဓာ ကိုယ်တွင်း သွေးထွက်မှု တို့ကြောင့် သေဆုံးခဲ့တာလို့ တွေ့ခဲ့ကြရ ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကားသမား ကို ဖမ်းထားခဲ့တဲ့ ရဲစခန်းရှေ့မှာ အမျိုး သမီး တွေ အများဆုံး ပါတဲ့ လူတစ်စုက ရဲတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို ရှုတ်ချတဲ့ ဟစ်ကြွေးသံတွေ အော်ပြီး သွားရောက် စုရုံး ဆန္ဒ ပြခဲ့ကြတယ်လို့ Johannesburg မြို့က ဘီဘီစီ သတင်းထောက် မစ်လ်တင် ကိုစီက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။