BBC navigation

HIV ကုနိုင်မယ့် လမ်းစတွေ့

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:22 GMT

ဆေးပညာ ဆိုင်ရာ တိုးတက် အောင်မြင်မှု တရပ် အဖြစ် ပညာရှင် တွေက ကြေညာ ပြောဆိုနေ ကြပါပြီ

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဓာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။

မွေးကင်းစ ကလေးငယ် တဦး အနေနဲ့ ဒါ ပထမဆုံး ဖြစ်ပြီး လူတဦး ကနေနဲ့ ကတော့ ဒါ ဒုတိယမြောက် တွေ့ရှိ ရတာ ဖြစ်ပါတယ်။ ဒါဟာ ဆေးပညာ ဆိုင်ရာ တိုးတက် အောင်မြင်မှု တရပ် အဖြစ် ပညာရှင် တွေက ကြေညာ ပြောဆိုနေ ကြပါပြီ။

အကြောင်း ကတော့ ဒီကုသမှုကို ခံယူခဲ့တဲ့ မိန်းကလေးငယ်ကို မစ္စစ်စပီ ပြည်နယ်မှာ HIV ရောဂါပိုး ရှိတဲ့ မိခင်က မွေးခဲ့ပါတယ်။ မွေးမွေး ပြီးချင်း နာရီ ၃၀ အတွင်း မှာပဲ ကုသဆေး ၃ မျိုး လောက် ရောပြီး ကုသပေးခဲ့ ပါတယ်။ နောက်ဆက်တွဲ ကုသမှု အနေနဲ့ တနှစ်ခွဲ လောက် လုပ်ခဲ့ပြီး ကုသမှုကို ရပ်ဆိုင်းလိုက် ပါတယ်။

အခုတော့ အဲဒီ မိန်းကလေးငယ်ဟာ အသက် ၂ နှစ်ခွဲရှိ ပါပြီ။ ကုသမှု ရပ်ဆိုင်းထားတာ ၁ နှစ်လောက် ရှိပေမယ့် ရောဂါပိုး ရှိတဲ့ လက္ခဏာ လုံးဝ မတွေ့ရတော့ပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို အခြေခံပြီး ရောဂါပိုး ရှိတဲ့မိခင်က မွေးဖွားတဲ့ ကလေးငယ် လေးတွေကို မွေးမွေးချင်း ကုသပေးရင်း စမ်းသပ် မှုတွေကို ဆက်လုပ်ကြမှာပါ။

ဒီသတင်းဟာ ဆေးလောက အတွက်တော့ အင်မတန်မှကို သတင်း ထူးကြီး တခု ဖြစ်ပေမယ့် ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ AIDS ရောဂါ ဖြစ်စေတဲ့ ဒီ HIV ပိုးကို လုံးဝဥဿုံကြီး တားလိုက် နိုင်ပြီလို့ ပြောလို့ မရသေးပါ။

အကယ်၍ ဒီမိန်းကလေးငယ် သာ ဒီအတိုင်း ကျန်းကျန်း မာမာ ဆက်ပြီး ရှိတယ် ဆိုရင်တော့ ဒါဟာ HIV ပိုး ကုသ နိုင်တဲ့ ဖြစ်ရပ် အနေနဲ့ ဒုတိယမြောက် အကြိမ် ဖြစ်လာမှာပါ။

ပထမ အကြိမ် ကတော့ ၂၀၀၇ ခုနှစ်တုန်းက HIV ပိုး ကာကွယ် နိုင်တဲ့ အင်မတန်မှ ရှားပါးတဲ့ ဆဲလ် ပိုင်ရှင်ရဲ့ ဆဲလ် ကိုယူပြီး အစားထိုး ကုသရာ ကနေ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကုသမှုနဲ့ မတူတဲ့ ဒီတကြိမ် ကုသမှု မှာတော့ လူမမယ် ရောဂါသည် တွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးတွေကို ရောပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်။

အခု ရလဒ်နဲ့ ပတ်သက်ပြီး တင်ပြ လာခဲ့တဲ့ Johns Hopkins တက္ကသိုလ် က ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာ Deborah Persaud က ရောဂါ ပိုးဟာ လူ့ ကိုယ်ခန္ဓာမှာ ခိုအောင်း မလာနိုင်ခင် အချိန်မှာ အစောဆုံး ကုသမှုကို လုပ်ဆောင် လိုက်တဲ့ အတွက် ဆေးက ရောဂါပိုးတွေကို အရင်ဆုံး နှိမ်နှင်း လိုက်တဲ့ သဘော ရှိတယ်လို့ ပြောပါတယ်။

အခု ကုသမှု ခံယူ ခဲ့တဲ့ ကလေးငယ် မိန်းကလေးမှာ ရောဂါပိုး ဆက်ပြီး ရှိမရှိကို ဓာတ်ခွဲခန်း ၆ ခု မှာ အဆင့်မြင့်တဲ့ နည်းပညာတွေ၊ မတူတဲ့ နည်း စနစ်တွေနဲ့ အမျိုးမျိုး စမ်းသပ်ခဲ့ ပေမယ့် ဘယ်ဓာတ် ခွဲခန်း ကမှ ရောဂါပိုးကို မတွေ့ရပါဘူး။

ဒါကြောင့် လတ်တလော ပြောနိုင်တာ ကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်း က Dr. Rowena Johnston က ပြောပါတယ်။

အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီး သွားတဲ့ ကလေး တွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိ ရောက်ဆုံး ကုသမှု အဖြစ် ရှိနေ ပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။