BBC navigation

ဟူးဂိုး ချားဗက်ဇ် ကွယ်လွန်ပြီ

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 22:27 GMT
chavez

သမ္မတ ကျန်းမာရေး အတွက် ဆုတောင်းပေးကြတဲ့ ပြည်သူတွေ

ဗင်နီဇွဲလားက လူကြိုက်များ တဲ့ သမ္မတ ဟူးဂိုး ချားဗက်ဇ် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သမ္မတ ချားဗက်ဇ် အနိစ္စ ရောက်ကြောင်း ဒုတိယ သမ္မတ နိကိုလပ်စ် မဒူးရိုးက တရားဝင် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

တိုင်းသူပြည်သားတွေ ကို ပြောရ အခက်ဆုံး သတင်း ဝမ်းနည်းစရာ သတင်းကို ကြေညာရပါမယ် အစချီပြီး မတ်လ ၅ ရက်နေ့ ဗင်နီဇွဲလား စံတော်ချိန် နေ့လယ် ၄ နာရီ ၂၅ မိနစ်မှာ သမ္မတ ချားဗက်ဇ် အနိစ္စရောက်သွားကြောင်း ဒုတိယ သမ္မတ နိကိုလပ်စ် မဒူးရိုးက ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံကို ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အသက် ၅၈ နှစ် အရွယ် မစ္စတာ ချားဗက်ဇ်ဟာ ကင်ဆာ ရောဂါနဲ့ တနှစ်ကျော် မမာမကျန်း ဖြစ်ခဲ့ပြီးနောက် ကျူးဘား နိုင်ငံမှာ ခွဲစိတ်မှု အကြိမ်ကြိမ် ယူခဲ့ရပါတယ်။

မစ္စတာ ချားဗက်ဇ် လူကြားထဲ ထွက်ပေါ်မလာတာ လပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။

မစ္စတာ ချားဗက်ဇ် မကွယ်လွန်ခင် နာရီပိုင်း ကပဲ အသက်ရှူဖို့ ရုန်းကန် နေရတဲ့ သမ္မတ အတွက် အခက်ခဲဆုံး ကာလကို ရောက်ရှိ နေပြီ ဖြစ်လို့ ခေါင်းဆောင် ကို ဝန်းရံကြဖို့ မစ္စတာ မဒူးရိုးက ဗင်နီဇွဲလား ပြည်သူ တွေကို သတိပေး ခဲ့ပါသေးတယ်။

ဗင်နီဇွဲလား နိုင်ငံကို မကောင်းကြံ နေတာတွေ ရှိပြီး အမေရိကန် သံတမန် တယောက်ကို တိုင်းပြည်က နှင်ထုတ် လိုက်တယ် လို့လဲ အစိုးရ ရုပ်သံကနေ မစ္စတာ မဒူးရိုးက ပြောကြား ခဲ့ပါတယ်။

ဒီအချိန်မှာပဲ ဗင်နီဇွဲလား အချုပ်အချာ အာဏာ ကာကွယ်ရေးနဲ့ တိုင်းပြည် လုံခြုံရေး အတွက် စောင့်ရှောက် တာဝန်ယူ သွားမယ်လို့ ဗင်နီဇွဲလား စစ်တပ်က ထုတ်ပြန် လိုက်ပါတယ်။

ဒုသမ္မတနဲ့ လွှတ်တော်ကို စစ်တပ်က ဆက်လက် သစ္စာခံ မှာ ဖြစ်ပြီး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ စစ်တပ်က လူထုကို ပန်ကြား လိုက်ပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေကို အမေရိကန်ရဲ့ ထောက်ခံမှု ဆက်ပေးသွားမှာ ဖြစ်ပြီး ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာဖို့ အမေရိကန် သမ္မတ အိုဘားမားက ဆော်သြ လိုက်ပါတယ်။

အာဂျင်တီးနား သမ္မတ Cristina Fernandes de Kirchner က သူ့မိတ်ဆွေလဲဟုတ် မဟာမိတ်လဲ ဟုတ်တဲ့ ဗင်နီဇွဲလား သမ္မတချားဗက်ဇ် ကွယ်လွန်ကြောင်း ကြားပြီးပြီးချင်းမှာပဲ သူ့လုပ်ငန်း ဆောင်တာတွေကို ရပ်ဆိုင်း လိုက်ပါတယ်။

ပီရူး လွှတ်တော်မှာလဲ ကွယ်လွန်သူ မစ္စတာ ချားဗက်ဇ် အတွက် တမိနစ် ငြိမ်သက် အလေးပြု ခဲ့ကြပါတယ်။

ချီလီနဲ့ အီကွေဒေါ အစိုးရတွေကလဲ ဝမ်းနည်းကြောင်း ပေးပို့ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။