BBC navigation

လွန်လေတဲ့ သမ္မတရှာဗက်ဇ် ဘာတွေထားခဲ့သလဲ

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 16:35 GMT
Chavez

လက်တင်အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ တက်လာအောင် ရှာဗက်ဇ်နဲ့ ကတ်စ်ထရိုတို့ လက်တွဲ ဆောင်ရွက်ခဲ့ကြပါတယ်။

အသက် ၅၈ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဗင်နီးဇွဲလားနိုင်ငံ သမ္မတ ဟူဂိုရှာဗက်ဇ်ရဲ့ စျာပနအခမ်းအနားကို မနက်ဖြန်မှာ နိုင်ငံတော်စျာပနအဖြစ် ကျင်းပတော့မှာ ဖြစ်ပါတယ်။

လူသေပေမယ့် သမ္မတရှာဗက်ဇ်ဟာ လက်တင်အမေရိကရဲ့ ကြယ်ပွင့်ကြီးအဖြစ် ကမ္ဘာ့သမိုင်းမှာ အမွေအနှစ်ထားခဲ့ပါတယ်။

သူဟာ သူ့နိုင်ငံတွင်းမှာသာမက နိုင်ငံအပြင်ထွက်လို့ လက်တင်အမေရိက ဒေသတွင်း ခေါင်းဆောင်တယောက်လည်း ဖြစ်ခဲ့ပါတယ်။

လူချစ်ပေမယ့် အငြင်းထွက်တဲ့ ခေါင်းဆောင်လို့လည်း ပြောရနိုင်တဲ့ ဗင်နီးဇွဲလား သမ္မတ ဟူဂို ရှာဗက်ဇ်ဟာ သူ့မျိုးဆက်မှာတော့ လက်တင်အမေရိကရဲ့ အလွှမ်းမိုးနိုင်ဆုံး ခေါင်းဆောင်လို့ ပြောနိုင်ပါတယ်။

အမေရိကန်ရဲ့ ကမ္ဘာ့ဖြန့်ကျက်မူဝါဒကို ဒေသတွင်းအားနဲ့ အပြင်းအထန် ခုခံဝေဖန် ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ရှာဗက်ဇ်ဟာ ဗင်နီးဇွဲလား လွတ်လပ်ရေးဖခင်ကြီး ဆိုင်မွန် ဘိုလီဗာကို အားကျသူတယောက် ဖြစ်ပါတယ်။

ရှာဗက်ဇ်ရဲ့ အစွမ်းထက်မှုတွေက လက်တင်အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ တယောက်ပြီးတယောက် တက်လာစေခဲ့ပါတယ်။

ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ အီကွေဒေါ၊ ပီရူးနိုင်ငံအားလုံးမှာ လက်ဝဲခေါင်းဆောင်တွေက သမ္မတတွေ ဖြစ်ကုန်တာ ရှာဗက်ဇ်ရဲ့ လွှမ်းမိုးမှုတွေ အနည်းနဲ့အများ ဆိုသလို ပါခဲ့ပါတယ်။

သမ္မတရှာဗက်ဇ် အာဏာမရခင် ၁၉၉၈ မတိုင်ခင်ကဆို လက်တင် အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ အာဏာရဖို့ဆိုတာ အင်မတန်မှကို ခက်လှပါတယ်။ အခုတော့ လက်တင်အမေရိကမှာ လက်ဝဲခေါင်းဆောင်တွေ ရှုံးနိမ့်ဖို့ဆိုတာ ခက်လှပါတယ်။

အမေရိကန်က ဒေသတွင်း ပန်းရောင်တိုက်စားမှုလို့ နှိမ်ခေါ်တဲ့ လက်ဝဲကွန်မြူနစ် အတွေးအခေါ်နဲ့ ဆောင်ရွက်ချက် ဖြစ်တဲ့ ဆင်းရဲသားအရေး ဖြေရှင်းပေးတာ၊ လူမှု မညီမျှမှုလို့ ဆိုရမယ့် ဆင်းရဲချမ်းသာ ကွာဟမှုတွေကို ကျဉ်းမြောင်းစေတာတွေက လက်ဝဲခေါင်းဆောင်တွေကို မဲရစေခဲ့တာလည်း ဖြစ်ပါတယ်။

လက်တင်အမေရိကမှာ အခုလို လက်ဝဲအတွေးအခေါ်တွေ ထွန်းကားစေတာ ရှာဗက်ဇ်ရဲ့ ခေါင်းကိုင်ဖခင်လို့ ပြောရမယ့် ကျူးဘားတော်လှန်ရေးခေါင်းဆောင် သမ္မတဟောင်း ဖီဒဲ ကတ်စရိုကိုလည်း ကျန်ထားလို့ မရပါဘူး။

သားအဖလို ဖြစ်နေတဲ့ အသက် ၂၈ နှစ် ကွာတဲ့ ကတ်စရိုနဲ့ ချာဗက်ဇ်တို့ဟာ နှစ်ဦးဟာ ပုဂ္ဂိုလ်ရေး ရင်းနှီးရုံမက နှစ်ပြည်ထောင်က ပြည်သူချင်းကြားမှာလည်း အပြန်အလှန် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။

ကျူးဘားရဲ့ ချိနဲ့နဲ့ ဆိုရှယ်လစ်စီးပွားရေးကို ဗင်နီးဇွဲလားက ရတဲ့ စျေးပေါတဲ့ ရေနံနဲ့ ကျားကန်နိုင်ခဲ့ပြီး၊ ကျူးဘားရဲ့ ထောင်သောင်းချီ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဗင်နီးဇွဲလားကို စေလွှတ်ပြီး သမ္မတရှာဗက်ဇ်ရဲ့ ဆင်းရဲသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်။

လက်တင်အမေရိကနေ ကျော်လွန်ပြန်လို့ တခါ ကမ္ဘာ့ခေါင်းဆောင်အဖြစ် ရှာဗက်ဇ် တက်လှမ်းလာပုံကလည်း သင်းပါတယ်။ ကမ္ဘာ့ပုလိပ်ကြီးလို့ တင်စားခံရတဲ့ အမေရိကန်ရဲ့ ရန်သူ အီရန်နဲ့ ရှာဗက်ဇ်က ရင်းရင်းနှီးနှီး ပေါင်းသင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

ရေနံရောင်းနိုင်ငံများအသင်း အိုပက်အဖွဲ့ဝင်တွေ ရေနံစျေး တိုးရအောင် အမေရိကန်နဲ့ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံတွေကို ရင်းနှီးအောင် လုပ်ပြီး ရေနံရောင်းတာအပါအဝင် ရှာဗက်ဇ်ရဲ့ အကွက်ကျကျ ထိထိမိမိ လုပ်ဆောင်ခဲ့မှုတွေကတော့ လက်တင်အမေရိက ဒေသတွင်းပါဝါကို ထွားစေပြီး အမေရိကန်အားကို ချိနဲ့စေခဲ့တဲ့ သမ္မတရှာဗက်ဇ်ဟာ လူသေသွားပေမယ့် နာမည်နဲ့ ဂုဏ်သတင်းကတော့ ကြီးကြီးကျယ်ကျယ် ကျန်ရစ်ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။