BBC navigation

ဟူဂိုရှာဗက်စ ရဲ့ စျာပန အခမ်းအနား

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 01:27 GMT
chavez

ပြည်သူ ၂ သန်းကျော် စျာပန ကို လာခဲ့ကြ

ဗင်နီဇွဲလား သမ္မတ ဟူဂိုရှာဗက်စ ရဲ့နိုင်ငံတော် စျာပန ကို သောကြာနေ့ က မြို့တော် ကရာကတ်စ မှ ကျင်းပ ခဲ့ရာမှာ မစ္စတာ ရှာဗက်စ ရဲ့ ရုပ်ကလာပ်ကို နောက်ဆုံး အနေနဲ့ စိတ်လှုပ်ရှားစွာ ဂုဏ်ပြုကြဖို့ ရောက်လာတဲ့ ဗင်နီဇွဲလား ပြည်သူ တွေ ၂သန်းကျော် အထိ ရှိတယ် လို့ ခန့်မှန်း ကြပါတယ်။

နိုင်ငံ တကာ က ခေါင်းဆောင် တွေ ၃၀ကျော် လည်း ဒီစျာပန အခမ်းအနား ကို တက်ရောက်ခဲ့ပြီး ဒီခေါင်းဆောင်တွေ ထဲမှာ ကျူးဘား သမတ ရာအူး ကက်စထရို၊ အီရန် သမတ မိုဟာမက် အာမက် ဒီနဂျက် စတဲ့ ပုဂ္ဂိုလ် တွေ လည်း ပါ၀င်ပါတယ်။

ကွယ်လွန်သူ သမတ ရဲ့ ရုပ်အလောင်း ထည့်ရာ အခေါင်းအပေါ်မှာ တော့ ဗင်နီဇွဲလား အလံလွှမ်းထားပြီး ၁၉ရာစု က တောင်အမေရိကတိုက် က လွတ်လပ်ရေး ခေါင်းဆောင်လည်း ဖြစ် ဟူဂိုရှဗက်စ လေးစား အတုယူ ခဲ့သူလည်း ဖြစ်တဲ့ ဆိုင်မွန်ဗိုလီဘာ ရဲ့ ဓား ကို ထားရှိ ထားပါတယ်။

chavez

ရှဗက်စ စျာပန ကို နိုင်ငံခေါင်းဆောင် ၃၀ ကျော် တက်ရောက်ခဲ့ကြ

သူ့ ရဲ့ ရုပ်ကလာပ် ကို ထားရှိမယ့် စစ်တက္ကသိုလ် မှာတော့ သူ့အတွက် ဂုဏ်ပြုတေးဂီတ တွေ ပျံ့လွင့်နေ ခဲ့ပါတယ်။

နိုင်ငံတော် သီချင်း တွေ လည်း စျာပန ကို ပို့ဆောင်သူတွေ က ဟစ်ကြွေး ခဲ့ကြပါတယ်။

နိုင်ငံရဲ့ လက်ရှိ ဒုတိယ သမတ နီကိုလစ် မာဒူရို က ဟူဂိုရှဗက်စ ကို အညံ့မခံ အောင်မြင်အောင်လုပ်နိုင်တဲ့ သူ၊ သန့်စင်တဲ့ ဘဝ နဲ့ ရှင်သန် နေထိုင်သွား သူ လို့ ချီးမြှောက် ဂုဏ်ပြုခဲ့သလို ဘယ်သူမှ သူ လုပ်ဆောင် ခဲ့တဲ့ ဆိုရှယ်လစ် တော်လှန် ရေး ကို ရပ်တန့် သွားအောင် လုပ်နိုင်မှာ မဟုတ် ဘူး လို့ လည်း ပြောကြား ခဲ့ပါတယ်။

ဒီ စျာပန အခမ်းအနား ကို တက်ရောက်လာတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ထဲမှာ အမေရိကန် က အရပ်သားအခွင့်အရေး တိုက်ပွဲဝင်သူ သိက္ခာတော်ရ ဆရာတော် ဂျက်ဆီ ဂျက်ဆင် လည်း ပါဝင်ပါတယ်။

သူ ကတော့ အမေရိကန် နဲ့ ဗင်နီဇွဲလား တို့ ပြန်လည် ရင်ကြားစေ့နိုင်ရေး အတွက် မိန့်ကြား ပါတယ်။

ကျနော်တို့ ဟာ အမေရိကတိုက်မှာ အတူနေကြတယ်။ ဘောလုံး လည်းအတူ ကစားကြသူတွေဖြစ်တယ်။ အရင်းအမြစ် တွေ ကို အတူကုန်သွယ်ခဲ့ကြတယ်။ အိပ်မက် တွေ ကို လည်းအတူ မက်ခဲ့ကြသူတွေ ပါလို့ သူ က ပြောခဲ့ပါတယ်။

သမတရှာဗက်စ ရဲ့ ရုပ်အလောင်း ကို မပျက်စီးအောင် စီမံပြီး ထားမယ့် စစ်တက္ကသိုလ် ရဲ့ အပြင်ဘက်မှာတော့ အင်္ကျီနီ တွေ ဝတ်ဆင်ပြီး စျာပန ပို့လာကြတဲ့ လူစုလူဝေးကြီး ဟာ ရှာဗက်စ ရှင်သန် နေတယ် လို့ ကြွေးကြော် သံတွေ ညံထွက် နေခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။