BBC navigation

အိန္ဒိယ မုဒိမ်းမှုတရားခံ အချုပ်ခန်းတွင်း သေဆုံး

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 17:33 GMT

လုံခြုံရေး တင်းကျပ်တဲ့ ဒေလီမြို့ တီဟာ ထောင် မှာ သတ်သေတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆို

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ အတွင်း အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်ရဲ့ ဘတ်စကား တစီး ပေါ်မှာ ၂၃ နှစ် အရွယ် အမျိုးသမီး ကျောင်းသူ တဦး ကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွား ခဲ့ပြီး အဓိက တရားခံ အဖြစ် စွပ်စွဲ ခံထား ရတဲ့ ဘတ်စကား မောင်းသမား ဟာ အချုပ်ခန်း အတွင်း မှာ သေဆုံး နေတာကို တွေ့ခဲ့ရ ပါတယ်။

ဒီ ဆေးကျောင်းသူ အမျိုး သမီးကို အဓမ္မ ပြုကျင့်မှု ကြောင့် ပြည်သူတွေ ဒေါသ ထွက်ခဲ့ ကြပြီး အိန္ဒိယ နိုင်ငံ တလွှားမှာ ဆန္ဒ ထုတ်ဖော် မှုတွေ ဖြစ်ခဲ့ ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံသယရှိ သူတွေကို လုံခြုံရေး တင်းကျပ်တဲ့ ဒေလီမြို့ တော်က တီဟာ ထောင်ထဲမှာ ဖမ်းဆီးထားခဲ့ တာလည်း ဖြစ်ပါတယ်။

တီဟာ ထောင်ရဲ့ အစောင့်ရဲတွေ ပြောတာ ကတော့ အဓိက တရားခံ အဖြစ် သံသယ ရှိတဲ့ ဘတ်စကား မောင်းသူ ရမ်ဆင်း ဟာ သူခြုံတဲ့ စောင်ကို ကြိုး လုပ်ပြီး တနင်္လာနေ့ မနက် ဒေသ စံတော်ချိန် ၅ နာရီ လောက်မှာ ကိုယ့်ကိုယ်ကို သက်သေ သွားတယ်လို့ ပြောပါတယ်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ဆူရှီကူးမား ရှင်ဒီ ကတော့ ဒရိုင်ဘာ ရမ်ဆင်း သေဆုံး သွားမှုဟာ ထောင်တွင်း လုံခြုံရေး လစ်ဟင်း ချက်ကြီး တခု ဖြစ်တယ်လို့ ဖေါ်ပြ ပြောဆို ပါတယ်။

ဒီမုဒိမ်းမှုကြောင့် ပြည်တွင်း ပြည်ပ ဖိအားတွေ ရင်ဆိုင် နေရတဲ့ အိန္ဒိယ အစိုးရ အတွက် အခု ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ပိုပြီး အရှက်ကွဲ စရာ ဖြစ်လာ သလို ဖိအား တွေလည်း ပိုများ လာတယ်လို့ ဒေလီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သေဆုံးသွား သူ ရမ်ဆင်းရဲ့ မိသားစုနဲ့ ရှေ့နေ ကတော့ သူဟာ စိတ်ကျန်းမာရေး ကောင်းမွန်ပြီး၊ တီဟာ ထောင်ဟာလည်း လုံခြုံရေး တင်းကျပ်တာကြောင့် သူ့ကိုယ်သူ သတ်သေဖို့ ဆိုတာ မဖြစ် နိုင်ဘူးလို့ ဆိုပါတယ်။

ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီး ရမ်ဆင်း အပါ အဝင် တခြား အရွယ် ရောက်ပြီး အမျိုးသား ၄ ရောက်ကို အထူး တရား ရုံးမှာ စစ်ဆေး နေပါ တယ်။ အသက် မပြည့်သေးတဲ့ တခြား သံသယရှိသူ ၁ ယောက် ကိုတော့ သီခြား စစ်ဆေးဖို့ ကြိုးစား နေပါတယ်။

အဖွဲ့လိုက် မုဒိမ်းကျင့်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု အပါ အဝင် တခြား စွဲချက် ၁၃ ချက်နဲ့ တရားစွဲ ခံထား ရပြီး ပြစ်မှုထင် ရှားရင်တော့ သေဒဏ် ကျခံရဖို့ ရှိနေ ပါတယ်။

ဒီလို အခြေ အနေမှာ လွတ်လမ်း မမြင်တဲ့ ရမ်ဆင်းလို လူတယောက် စိတ်သောက ရောက်နိုင် ပါတယ်လို့ အိန္ဒိယ ရဲအကြီးအကဲ အဖြစ် တာဝန်ထမ်း ဆောင်ဖူးသူ လည်းဖြစ် လူမှုရေး တက်ကြွလုပ်ရှားသူ Kiran Bedi ဆိုသူ အမျိုးသမီးက ပြောဆို သုံးသပ်သွား ပါတယ်။

ရမ်ဆင်းဟာ တခြား အချုပ်သား ၂ ယောက်နဲ့ တီဟာ ထောင်မှာ အချုပ်ခံ ထားရပါတယ်။ အခင်း ဖြစ်ပွားတဲ့ အချိန်မှာ အဲဒီ အခန်းဖော် ၂ ယောက် ပါဝင်မှု ရှိသလား၊ သူတို့ ဒီကိစ္စကို ဘယ်လောက် အတိုင်း အတာ အထိ သိကြ သလဲ စတဲ့ မေးခွန်းတွေ ထွက်ပေါ် လာသလို၊ ဘတ်စကား ဒရိုင်ဘာ ရမ်ဆင်းဟာ ဒီမုဒိမ်း မှုမှာ အရေးကြီးဆုံး သံသယ ရှိသူ ဖြစ်ပြီး၊ အထူး စောင့်ကြည့်ခံ နေရတဲ့သူ ဖြစ်တာ ကြောင့် အခု ဖြစ်ပွားမှုမှာ မေးစရာတွေ အများ အပြား ရှိနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။