BBC navigation

ပုပ်ရဟန်းမင်းကြီးသစ် ရွေးကြပြီ

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 16:26 GMT
ပုပ်ရဟန်းမင်းကြီး ရွေးချယ်နေကြစဉ်

ပုပ်ရဟန်းမင်းကြီး ရွေးချယ်နေကြစဉ်

စိန့်ပီတာ ဘုရားကျောင်းကြီးထဲမှာ ဝတ်ရုံနီကြီးတွေ ဆင်မြန်းထားတဲ့ ကာဒီနယ် ရဟန်းအမတ်တွေ ပုပ်ရဟန်းမင်း ရွေးချယ်ဖို့ ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။ ကာဒီနယ် ကောလိပ်အကြီးအကဲ Angelo Sodanoက ရာထူးက ထွက်သွားတဲ့ ရဟန်းမင်းကြီး ဘင်နဒစ်ကို ချီးကျူးပြီး နောက်ထပ် ခေါင်းဆောင် တယောက် ချီးမြှင့်ဖို့ ဘုရားသခင်ကို ဆုတောင်းခဲ့ပါတယ်။

အဲဒီကတဆင့် အသက်၈၀အောက် အမတ်ပေါင်း ၁၁၅ယောက်ဟာ စစ်စတင်း ဘုရားကျောင်းတော်မှာ ပုပ်ရဟန်းမင်းသစ်ကို လျှို့ဝှက်မဲနဲ့ရွေးနေကြပြီဖြစ်ပါတယ်။ အားလုံး သစ္စာဆိုပြီးရင်တော့ မသက်ဆိုင်သူတွေ အကုန်ထွက်ပေးပြီး ဒီကျောင်းတော်ကို အပြင်ကနေ တံခါးသော့ခတ်လိုက်မှာဖြစ်ပါတယ်။ ပြင်ပနဲ့ဖုံးတို့ အီလင်ထရောနစ်ကရိယာတွေနဲ့ ဆက်သွယ်တာကိုလည်း ပိတ်ပင်ထားပါတယ်။ ဒီလို ပုပ်ရဟန်းမင်းကြီး အသစ်မရမချင်း လျှို့ဝှက်ပြီးရွေးတာကို Conclave လို့ကက်သလစ် ဘာသာမှာ ခေါ်ဝေါ်သုံးစွဲပါတယ်။

မဲပေးခွင့်ရှိတဲ့ အမတ်အားလုံးရဲ့ သုံးပုံ ၂ပုံထောက်ခံမဲ မရမချင်း တနေ့ကို ၄ကြိမ်မဲပေး ကြမှာဖြစ်ပါတယ်။ လိုအပ်တဲ့မဲ အရေအတွက် ရရင်တော့ ဒီကျောင်းတော်ကနေ မီးခိုးအဖြူရောင်တွေ ထွက်လာပြီး တပြိုင်နက် ခေါင်းလောင်းတီးကြမှာပါ။

ရိုမင်ကက်သလစ် ဘာသာဝင် အများစုဟာ လက်တင် အမေရိကား မှာရှိပြီး မဲပေးနိုင်တဲ့ ရဟန်းအမတ် အရေအတွက်ကတော့ ဥရောပက၆၀ ရှိပါတယ်။ လက်တင် အမေရိကားတော့ ၁၉ယောက်ပဲရှိပါတယ်။ ဒီတခေါက် ရွေးချယ်ရာမှာတော့ အရင်ရဟန်းမင်းကြီး ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ပြီး အုပ်ချုပ်ရေး ကျွမ်းကျင်သူကို လိုလားကြတယ်လို့ သတင်းတွေထွက်နေပါတယ်။ ခန့်မှန်းမှုတွေရှိပေမယ့် လျှို့ဝှက်တဲ့စနစ်ကြောင့် အဖြေထွက်လာမှသာ မည်သူမည်ဝါက ရဟန်းမင်းကြီး အသစ်ဖြစ်တယ်ဆိုတာ ဒိဌပြောနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။