BBC navigation

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်လာနိုင်သလဲ

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 15:59 GMT

ပုပ်ရဟန်းမင်းကြီးသစ် ဘယ်တိုက်က ဖြစ်လာနိုင်သလဲ။

ရိုမန်ကက်သလစ် ပုဒ်ရဟန်းမင်းကြီးတပါး ရွေးချယ်နေတာ ဒုတိယမြောက်နေ့ ရောက်လာပေမယ့် အခုချိန်အထိ ဘယ်သူရသလဲဆိုတာ အဖြေထွက်မလာသေးပါဘူး။

အင်္ဂါနေ့က စတင်တဲ့ လျှို့ဝှက်မဲပေးမှု စတင်ပြီး သုံးနာရီအကြာ ဗာတီကန်အဆောက်အဦ မီးခိုးခေါင်းတိုင်ကနေ အမဲရောင် မီးခိုးတွေ ထက်လာတာကြောင့် မဲပေးမှုက အဖြေ မထွက်ခဲ့ပါဘူး။

ရဟန်း အမတ် ၁၁၅ ပါးတို့ဟာ သူတို့တွေ ယာယီ သီတင်းသုံး နေထိုင်ရာ Sistine Chapel တဝိုက်လောက်မှာဘဲ လှည့်လည် သွားလာခွင့် ရှိပြီး ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ် နေရာကို ဆက်ခံသူ ရတဲ့ အထိ မဲပေး ရွေးချယ် ကြရမှာ ဖြစ်ပါတယ်။

မဲပေးခွင့်ရှိတဲ့ အမတ်အားလုံးရဲ့ သုံးပုံနှစ်ပုံထောက်ခံမဲ မရမချင်း တနေ့ကို လေးကြိမ် မဲပေးကြမှာဖြစ်ပါတယ်။

လိုအပ်တဲ့မဲ အရေအတွက် ရရင်တော့ ဒီကျောင်းတော်ကနေ မီးခိုးအဖြူရောင်တွေ ထွက်လာပြီး တပြိုင်နက် ခေါင်းလောင်းတီးကြမှာပါ။

အီတလီသတင်းစာတွေက ကက်သလစ်ဘာသာရဲ့ နန်းလျာမင်းသားလို့ တင်စားခေါ်ဝေါ်တဲ့ သူကတော့ အီတလီ မီလန်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Angelo Scola ဖြစ်ပါတယ်။

သူဟာ အခုနုတ်ထွက်သွားတဲ့ ပုပ်ရဟန်းမင်းကြီးလို ပုဂ္ဂိုလ်ဖြစ်ပေမယ့် ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ ပိုကောင်းတယ်လို့ ဆိုနေကြပါတယ်။

မူစလင်နဲ့ခရစ်ယာန် နှစ်ဘာသာဆိုင်ရာ အဖွဲ့အစည်းတခု လုပ်ဆောင်နိုင်တာဟာ သူ့ရဲ့ အောင်မြင်ထူးခြားချက်ဖြစ်ပါတယ်။

သူဟာ လူသိများသူဖြစ်ပေမယ့် အပြောင်းအလဲတခုလိုအပ်နေတဲ့ အခုလိုအချိန်မှာ ဦးဆောင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်တာကို ခံနေရသူ ဖြစ်ပါတယ်။

နောက်တဦးကတော့ အာဖရိကရဲ့ ရှေ့ပြေးနေတဲ့ ဘုန်းတော်ကြီး Peter Turkson ဖြစ်ပါတယ်။

သူဟာ စိတ်သဘောထား အလွန်နှိမ့်ချသူဖြစ်သလို ဖော်ရွေတဲ့သူ၊ အသင်းတော်အုပ်ချုပ်တဲ့ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ Liberal ဆန်သူအဖြစ် မြင်နေကြပြီး ပုပ်ရဟန်းမင်းကြီး ရာထူးဟာ သူ့အတွက် သိပ်ကြီးလွန်းနေတယ်လို့ မြင်သူတချို့လည်း ရှိပါတယ်။

နောက်တဦးကတော့ အာရှသား ဖိလစ်ပိုင်နိုင်ငံ မနီလာအသင်းတော်ရဲ့ ဂိုဏ်းချုပ်ကြီး Luis Tagle ပါ။ သူဟာ ဆက်သွယ်ပြောမှုပိုင်းမှာ အားကောင်းသူ တယောက် ဖြစ်ပါတယ်။ လူချစ်လူခင် များသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံပိုင်းမှာတော့ နုနယ်သူအဖြစ် မြင်နေကြပါတယ်။

ဒီတခေါက် ရွေးချယ်ရာမှာတော့ အရင်ရဟန်းမင်းကြီး ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ပြီး အုပ်ချုပ်ရေး ကျွမ်းကျင်သူကို လိုလားနေကြပါတယ်။

ပုဒ်ရဟန်းမင်းကြီးသစ် ရွေးချယ်တာဟာ တခါတလေ ရက်ပိုင်းနဲ့ ပြီးသွားတတ်ပေမယ့် မီးခိုးဖြူ ထွက်လာဖို့ကတော့ တခါတလေ လပေါင်းများစွာ ကြာတတ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။