BBC navigation

ပုပ်ရဟန်းမင်းသစ် ရွေးချယ်မှု ရေရာတဲ့ အဖြေ မထွက်သေး

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 01:32 GMT

မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးအမဲများ

ကမ္ဘာတလွှားက ရိုမင် ကတ်သလစ် ရဟန်းအမတ်တွေဟာ ပုပ်ရဟန်းမင်းကြီးသစ် တပါးကို ရွေးချယ်ဖို့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ဆိတ်ကွယ်ရာ အရပ် ဖြစ်တဲ့ ဗာတီကန် ဟော်တယ်မှာ ပထမဆုံးည သီတင်းသုံးခဲ့ ကြပါတယ်။

လျှို့ဝှက် မဲပေးမှု စတင်ပြီး သုံးနာရီ အကြာ ဗာတီကန် အဆောက်အဦ မီးခိုးခေါင်းတိုင် ကနေ အမဲရောင် မီးခိုးတွေ ထက်လာတာကြောင့် မနေ့က အင်္ဂါနေ့က ပထမဆုံး အကြိမ် မဲပေးမှုက ရေရာတဲ့ အဖြေ မထွက်ခဲ့ပါဘူး။

ရဟန်း အမတ် ၁၁၅ ပါးတို့ဟာ သူတို့တွေ ယာယီ သီတင်းသုံး နေထိုင်ရာ Sistine Chapel တဝိုက်လောက်မှာဘဲ လှည့်လည် သွားလာခွင့် ရှိပြီး ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ် နေရာကို ဆက်ခံသူ ရတဲ့ အထိ မဲပေး ရွေးချယ် ကြရမှာ ဖြစ်ပါတယ်။

အဲဒီ အတောအတွင်း သူတို့ဟာ သတင်းစာလည်း ဖတ်ခွင့်မရှိ ၊ ရုပ်မြင်သံကြားလည်း မကြည့်ရ ၊ လက်ကိုင် မိုဘိုင်းလ် ဖုန်းလည်း သုံးခွင့် မရကြပါဘူး။

ပုပ်ရဟန်းမင်း အသစ် တပါးကို ရွေးကောက်နိုင်တဲ့ အထိ ဒီနေ့ ဗုဒ္ဓဟူးနဲ့ နောက်ပိုင်း နေ့တွေမှာ တနေ့ မဲလေးကြိမ် ပေးရမှာ ဖြစ်ပါတယ်။

တခြား သက်ဆိုင်တဲ့ သတင်းတပုဒ်ကို ဆက်ရမယ် ဆိုရင် အမေရိကန် ပြည်ထောင်စု လော့စ် အိန်ဂျလိစ်မှာ ခရစ်ယာန် ဘုန်းတော်ကြီး လေးပါးရဲ့ ကလေးတွေ အပေါ် မဖွယ်မရာပြုကျင့်ခဲ့တာတွေ အတွက် ဘုရားကျောင်းက ဒေါ်လာ ဆယ်သန်း နီးပါး အလျော်ပေးမယ်လို့ ရိုမန် ကတ်သလစ် ဂိုဏ်းချုပ်ရဲ့ ရှေ့နေက အတည်ပြု ပြောကြားလိုက်ပါတယ်။

အဲဒီအထဲမှာ အရင်တုန်းက ဘုန်ကြီး Michael Baker လက်ထက် ခုနှစ်နှစ် နီးပါး ကလေးတွေကို မဖွယ်မရာ ကျူးလွန်ခဲ့တာ အဓိက ပါဝင်တယ်လို့ ဆိုတဲ့ စွပ်စွဲချက်လည်း ထွက်လာခဲ့ပါတယ်။

မကြာခင်က ထွက်လာတဲ့ အစီရင်ခံစာအရ ကျူးလွန်တဲ့ ဘုန်းကြီးက ထိပ်တန်း သာသနာပိုင် တယောက် ဖြစ်တဲ့ ရဟန်း အမတ် Roger Mahoney ဆီမှာ အပြစ်ကိုဝန်ခံ ခဲ့ပေမယ့် လူသိရှင်ကြား ထုတ်မပြောဘဲ ထားခဲ့တဲ့ အတွက် အဲဒီ ဘုန်းကြီးက ပြစ်မှုတွေ ဆက်လက် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အထဲက နှစ်မှုကို မကြာခင် ရုံးတင် စစ်ဆေးမယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။