BBC navigation

လီကွတ်ချန်ကို တရုတ် ဝန်ကြီးချုပ်သစ် အဖြစ် တင်မြှောက်

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 10:36 GMT

တရုတ် ဝန်ကြီးချုပ်သစ် လီကွတ်ချန် (ဝဲ) နဲ့ သမ္မတသစ် ရှီဂျင်ပင်း (ယာ)

တရုတ် ပါလီမန် ကနေ လီကွတ်ချန်ကို နိုင်ငံရဲ့ ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးချယ် တင်မြှောက် လိုက်ပြီ ဖြစ်ပြီး၊ သူဟာ အစိုးရ ခေါင်းဆောင် တဦး အနေနဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ် နိုင်ငံကို တာဝန်ယူ ရမှာ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီကနေ သူ့ကို ၅ နှစ် သက်တမ်း အတွက် ခန့်အပ်လိုက်တာ ဖြစ်ပေမယ့်လည်း အရင် ဝန်ကြီးချုပ်လိုပဲ မစ္စတာ လီဟာ ၁၀ နှစ် သက်တမ်း တာဝန် ထမ်းရဖို့ မျှော်လင့်ရ ပါတယ်။

အသက် ၅၇ နှစ် အရွယ် လီကွတ်ချန်ဟာ ဆင်းရဲသား အောက်ခြေ လူတန်းစား ကနေ ဘဝကို ကြိုးကြိုး စားစား လုပ်ခဲ့လို့ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံရဲ့ ဒုတိယ မြောက် အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာ တဲ့သူပါ။

ပီးကင်း တက္ကသိုလ်မှာ ဥပဒေ ပညာရပ်ကို ဆည်းပူး ခဲ့သူ ဖြစ်ပြီး ကျောင်းသား နိုင်ငံရေး စလုပ် ခဲ့ရာ ကနေ တရုတ် နိုင်ငံရေး လောက ထဲကို ရောက်လာ ခဲ့သူ တယောက်ပါ။

စီးပွားရေး ပါရဂူ ဘွဲ့ရသူ တဦးလည်း ဖြစ်ပြီးတော့ ပြုပြင် ပြောင်းလဲ ရေးကို လိုလား တဲ့သူ၊ ပွင့်လင်းမှု ရှိသူ အဖြစ် အများက မြင်ထားသူ ဖြစ်ပါတယ်။ ဟီနန် ပြည်နယ်ရဲ့ အကြီးအကဲ ဖြစ်လာချိန် မှာတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး တွေထဲမှာ အသက် အငယ်ဆုံးသူ တဦး ဖြစ်လာခဲ့ ပါတယ်။

ဒါပေမယ့် သူ့ရဲ့ နိုင်ငံရေး ခရီးစဉ် ဟာလည်း ခြောက်ပစ်ကင်း သဲလဲစင် ရှိခဲ့ တာတော့ မဟုတ်ခဲ့ ပါဘူး။ ၁၉၉၀ နှစ်လယ် ကာလ အတွင်း ဟီနန် ပြည်နယ်မှာ နေထိုင် တဲ့ ဆင်းရဲသား ပြည်သူတွေ မသန့်ရှင်းတဲ့ သွေးသွင်း မိကြရာ ကနေ HIV ပိုး ကူစက် ခံရပြီး လူအများ အပြား ဘဝပျက်ခဲ့ ရပါတယ်။

ရောဂါပိုး အများဆုံး ကူးစက်ခံရသူ တွေ ထဲမှာ တရုတ် အစိုးရ အထောက် အပံ့နဲ့ သွေးသွင်းမှု လုပ်တဲ့ အစီ အစဉ်ကြောင့် အများဆုံး ကူးစက် ခံကြရပါတယ်။ ဒီ အဖြစ် အပျက်ဟာ လီကွတ်ချန် ပြည်နယ် အုပ်ချုပ်ရေးမှု မဖြစ်မီ ဖြစ်ပွားခဲ့ ပေမယ့် ဒီကိစ္စ အတွက် မကျေနပ် ကြတဲ့ ပြည်သူ တွေရဲ့ အသံကို လစ်လျှူရှု ခဲ့တာတွေ အတွက် ဝေဖန် ပြစ်တင် ခံခဲ့ရ ပါတယ်။

လီကွတ် ချန်ဟာ ပွင့်လင်းပြီး ပြုပြင် ပြောင်းလဲမှုကို လိုလားသူ ဖြစ်တယ်လို့ လိင်တူ ချစ်သူများ အခွင့် အရေး အတွက် ဆောင်ရွက်ပေး နေတဲ့ သူတဦးက ပြောပါ တယ်။

လီကွတ်ချန်ဟာ လူထု အလယ်မှာ ပုံရိပ်ကောင်း ပြရ တာကို နှစ်သက် သလို လူတိုင်းကို နားထောင်တဲ့ သူ အဖြစ် လုပ်ဆောင် နေပေမယ့် တရုတ် ကွန်မြူနစ် ပါတီ ရဲ့ ဂုဏ်သရေကို ထိခိုက် လာမယ့် လုပ်ရက်တွေ အတွက်လည်း လက်ရဲ ဇက်ရဲ ရှိသူ တဦး ဖြစ်ကြောင်း ပြခဲ့တဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။