BBC navigation

ပုပ်ရဟန်းမင်းကြီး စွပ်စွဲမှု နဲ့ ကြုံနေ

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 01:52 GMT
pope

စွပ်စွဲမှု တွေ ကို ဗာတီကန် က ပယ်ချခဲ့

ကမ္ဘာတဝန်း က ကက်သလစ် ဘာသာ၀င် ပေါင်း သန်း ၁၂၀၀ ကို ဦးဆောင်ဖို့ ရွေးချယ် လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို သူရဲ့ မူရင်းနိုင်ငံ အာဂျင်တီးနား မှာ စစ်အာဏာရှင် အုပ်စိုးနေတဲ့ ကာလ အတွင်း က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို ကိုယ်တိုင် တွေ့ နေရဲ့သားနဲ့ မျက်ကွယ်ပြု ပြီး ဝေဘန်သမှု မပြု၊ ဟန့်တားတာတွေ မလုပ်ပဲ နှုတ်ဆိတ် နေခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ထွက်ပေါ် နေပါတယ်။

အာဂျင်တီးနားမှာ ၁၉၇၆ ကနေ ၁၉၈၃ အထိ စစ်အာဏာရှင် စနစ်နဲ့ ကြုံခဲ့ ရပါတယ်။

အခု ပုပ်ရဟန်းမင်း က ၁၉၇၆ မှာ ပြည်နယ် တခုအတွင်း က ကက်သလစ် ဘုန်းတော်ကြီး တွေ ထဲမှာ အကြီးအကဲ ဖြစ်နေတုန်း စစ်အာဏာပိုင်တွေ က သူ့ လက်အောက် က ဘုန်းတော်ကြီး ၂ ပါး ကို ပြန်ပေးဆွဲသွား သလို ဖမ်းဆီး ထိန်းသိမ်း တာ ကို ကြုံခဲ့ ရပါတယ်။

အဲဒီ ဘုန်းတော်ကြီး ၂ ပါး လူဆင်းရဲ အလွှာတွေ နေတဲ့ ရပ်ကွက်တွေ အတွင်း ဆောင်ရွက်မှု တွေ ကို အကြောင်းပြပြီး စစ်တပ်က ဖမ်းဆီးတာ လို့လည်း သိရပါတယ်။

စွပ်စွဲတဲ့သူတွေ ဘက်ကတော့ အဲဒီအချိန် က အခု ပုပ်ရဟန်းမင်းကြီး ဖြစ်နေတဲ့ အဲဒီ အချိန် က ဘုန်းတော်ကြီး ဂျော့မာရီယို ဘာဂို လီယို ဟာ စစ်တပ် က ဒီ ဘုန်းကြီး တွေ ကို ဖမ်းဆီးတာ ကို တားဆီး ဟန့်တားတာ မလုပ်ခဲ့ ဘူးလို့ ဖွင့်ချ စွပ်စွဲ တာပါ။

ဒါပေမယ့် အဲဒီ အချိန် က လက်ယာစွန်း အမြင်ရှိတဲ့ စစ်တပ် အာဏာပိုင်တွေ က တဘက် ဖြစ်နေ သလို လက်ဝဲ ယိမ်းတဲ့ ကက်သလစ် ဘုရားကျောင်း တွေ ကလည်း ရှိနေခဲ့ပါတယ်။

ဒီ ၂ ဘက်ကြား မှာ အခု ပုပ်ရဟန်းမင်းကြီး အလောင်းအလျာ က ရှိနေခဲ့ ရတာ လို့လည်း ထောက်ပြ ကြသူတွေ ရှိ ပါတယ်။

ပုပ်ရဟန်း မင်းကြီးရဲ့ အထုပ္ပတ္တိ ကို ရေးခဲ့တဲ့ စာရေးဆရာ က ဘုန်းတော်ကြီး ဟာ အဲဒီ ကာလ က စစ်တပ်ခေါင်းဆောင် တွေ နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး အဲဒီ အဖမ်းခံခဲ့ ရတဲ့ ဘုန်း ကြီး ၂ ပါး ပြန်လည် လွတ်မြောက်လာ အောင် စွမ်းဆောင်ခဲ့သူ လို့ ပြောပါတယ်။

ဗာတီကန် က ပြောခွင့်ရ ပုဂ္ဂိုလ် ကလည်း အခုစွပ်စွဲချက် တွေ ဟာ ကျောင်းတော် ကို မလိုလား တဲ့ လက်ဝဲ အုပ်စု တွေရဲ့ ထိုးနှက်ချက် တရပ်သာ ဖြစ်တယ် လို့ ချေပ ထားပါတယ်။

အခု ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို နောက်ထပ် စွပ်စွဲကြတဲ့ အမှု ကတော့ တိုင်းပြည် က စစ်အုပ်ချုပ်ရေး ထဲ ကျနေတုန်း အဖမ်းခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး ၁၉၇၇ ခုနှစ် က အသတ်ခံ ရချိန် မှာ သူ့ ကလေးငယ် ကျန်ခဲ့တာ ကို အာဏာပိုင် တွေ က တခြားသူ တဦး တယောက် ကို ဒီ ကလေး ကို မွေးစားဖို့ ဥပဒေမဲ့ ခွင့်ပြု လိုက်တယ်။

သူ့ ဆွေမျိုးတွေ က ဘုန်းတော်ကြီး ကို အားကိုး ပြီး ကလေး ကို လိုက်ရှာ ပေးဖို့ ပြောတာ ကို လျစ်လျူရှုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်ပါ။

ဒီအပေါ်မှာလည်း ဒီ ကလေး ကိစ္စ သူ မသိ သလို သူ့ ကို အကူအညီတောင်း ခဲ့တာ လည်း မရှိခဲ့ ပါဘူးလို့ သူ ပုပ်ရဟန်းမင်းကြီး မဖြစ်ခင် ၂၀၁၀ ခုနှစ် အချိန် ကတည်း က ငြင်းချက် ထုတ်ထားကြောင်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။