BBC navigation

တရုတ် ရုရှား ဆက်ဆံရေး သုံးသပ်ချက်

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 17:14 GMT

အာရှဒေသတွင်း အမေရိကန်ရဲ့ သြဇာ အာဏာ တွေ ကျယ်ပြန့် လာတာကို တရုတ်က ချိန်ညှိဖို့ ကြိုးစား

တရုတ် သမ္မတ ရှီဂျင်ပင်းဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် ရုရှားကို ရွေးချယ် လိုက်ခြင်း ဟာ အင်မတန်မှ ပရိယာယ် မြောက်တယ် လို့ ဆိုကြ ပါတယ်။

ဒါကလည်း အာရှ ဒေသ အတွင်းမှာ အမေရိကန်ရဲ့ သြဇာ အာဏာတွေ ကျယ်ပြန့် လာတာကို တရုတ်က တန်ပြန် နိုင်ဖို့ အတွက် လို့ သတင်းထောက် တွေက ပြောကြပါတယ်။

တဘက်မှာ တရုတ်က ကမ္ဘာ့ ထိပ်တန်း စွမ်းအင် သုံးစွဲတဲ့ နိုင်ငံ ဖြစ်နေပြီး ရုရှား ကလည်း ကမ္ဘာ ပေါ်မှာ စွမ်းအင် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူတို့ နှစ် နိုင်ငံ အကြား ကုန်သွယ်မှု တွေ ကလည်း တိုးတက် နေပြီး ပြီးခဲ့တဲ့ နှစ်က ဆိုရင် ဒေါ်လာ ၈၈ ဘီလျံ အထိတောင် ရှိခဲ့ ပါတယ်။

နောက်ပြီး ဆီးရီးယားတို့ အီရန်တို့ အပြင် မြောက်ကိုရီးယား အရေး တွေမှာလည်း တရုတ်နဲ့ ရုရှား တို့ရဲ့ သဘောထား အမြင် တွေက တော်တော်လေး ဆင်တူ ပါတယ်။ ဒါကြောင့်လည်း နှစ် နိုင်ငံ အကြား နောင်မှာ ပိုပြီး ရင်းနှီး မှုတွေ တိုးတက် လာမယ်လို့ လေ့လာ သူတွေ က သုံးသပ် ကြပါတယ်။

အခု ရုရှား နိုင်ငံကို ရောက်ရှိ နေတဲ့ မစ္စတာ ရှီဟာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံပြီး စွမ်းအင် ကဏ္ဍနဲ့ ရင်းနှီး မြှုပ်နှံ မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေး မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ရုရှား ခရီးစဉ် မစခင် မှာပဲ မစ္စတာ ရှီက တရုတ်နဲ့ ရုရှား နှစ်နိုင်ငံဟာ အမြင်တူ ကြတဲ့ အရေးကြီးဆုံး မဟာဗျူဟာ မဟာမိတ် တွေပဲလို့ ဆိုလိုက် ပါတယ်။

သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ မစ္စတာ ရှီက ရုရှားဟာ တရုတ်ရဲ့ အိမ်နီးချင်း ကောင်းဖြစ်တဲ့ အတွက် ရုရှားနဲ့ ဆက်ဆံ ရေးရဲ့ အရေးကြီး ပုံကို ပြသတဲ့ အနေနဲ့ အခုလို သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ အခု တရုတ် ရုရှား ဆက်ဆံ ရေးမှာလည်း ကဏ္ဍသစ်တွေ ဖွင့်လှစ် ပေးနိုင် ခဲ့ပြီ ဖြစ်လို့ နှစ်နိုင်ငံ အကြား အပြန် အလှန် ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင် နိုင်မယ် လို့ ဆိုပါတယ်။

ရုရှား သမ္မတ ဗလာမီယာ ပူတင် ကတော့ နိုင်ငံ တကာ အရေး ကိစ္စတွေမှာ မျှတပြီး လက်တွေ့ကျတဲ့ လုပ်ဆောင် မှုတွေကို ပြသ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အခု မစ္စတာ ရှီရဲ့ ခရီး စဉ်မှာ သူ့ရဲ့ ဇနီး နာမည်ကျော် စစ်သီချင်း အဆိုတော် ဖြစ်တဲ့ ပိန်းလီယွမ် လည်း လိုက်ပါ လာပါတယ်။

မစ္စတာ ရှီဂျင်ပင်းဟာ အခု ရုရှား ခရီးစဉ် အပြီးမှာ တန်ဇန်းနီးယား၊ တောင်အာဖရိ ကနဲ့ ကွန်ဂို သမ္မတ နိုင်ငံတွေ ကိုလည်း သွားရောက် ဖို့ရှိပြီး မတ်လ ၃၀ ရက်မှ သူ့ ခရီးစဉ် ကို အဆုံး သတ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။